ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ငပလီသို့ ခရီးသွားဧည့်သည်လာရောက်မှုနည်းပါးနေ၍ ကမ်းခြေကိုအမှီပြုအသက်မွေးသူများအခက်ခဲကြုံနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 487

(စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ခရီးသွားဧည့်သည်ဝင်ရောက်မှု ကျဆင်းသွား)

မုတ်သုံဆုတ်ခွာ၍ ပွင့်လင်းရာသီရောက်ရှိလာသော် လည်း ရခိုင်ပြည်နယ်မှ နာမည်ကြီး ငပလီကမ်းခြေသို့ ခရီးသွားဧည့်သည် လာရောက်မှု နည်းပါးနေ၍ ဟိုတယ်လုပ်ငန်းနှင့် ကမ်းခြေကို အမှီပြုအသက်မွေးသူများ အခက်ခဲကြုံနေရသည်ဟု သတင်းရရှိသည်။

ယခုလက်ရှိ နိုဝင်ဘာလ ဒုတိယပတ်ထိ ကမ်းခြေသို့ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ လာရောက် လည်ပတ်မှုအလွန်နည်းပါးနေပြီး ဟိုတယ်၏ ၄၀ ရာခိုင်နှုန်းလောက်သာ ဧည့်သည် ရရှိကြောင်း Ngapali Bay Hotel ဧည့်ကြိုဌာနမှ တာဝန်ရှိသူ တစ်ဦးက နိရဉ္စရာသို့ပြောသည်။

" ကျွန်တော်တို့အခုလက်ရှိမှာဧည့်သည်အရမ်းပါးတယ်ဗျ။ ဟိုတယ်ရဲ့ ၄၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ တန်ဆောင်တိုင်မှာတော့ ဧည့်သည်တွေ လာရောက်လည်ပတ်ဖို့မျှော်လင့်မိတာပဲ" ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ဧည့်သည်လာရောက်မှုနည်းပါး၍ အဆိုပါဒေသခံများမှာ နေ့စဉ်လုပ်ငန်း ဝင်ငွေနည်းပါးလွန်းပြီး မိသားစုစားဝတ်နေရေးအခက်ခဲရှိနေကြောင်း နိရဉ္စရာသို့ပြောသည်။


ပင်လယ်ခရုခွံအလှပစ္စည်းရောင်းချသူအမျိုးသမီး တစ်ဦးက " သီတင်းကျွတ်ကာလက ဧည့်သည်တွေရောက်ခဲ့တယ်။အဲဒီတုန်းကတော့ တစ်ရက်သုံးသောင်းလောက် ရောင်းခဲ့ရတယ်။ အခုကဧည့်သည်တွေပါးတော့ တစ်ရက်တစ်သောင်းဖိုးရောင်းရဖို့တောင်အနိုင်နိုင်ပါပဲ" ဟု နိရဉ္စရာသို့ပြောသည်။

ယခုနှစ် သီတင်းကျွတ်ပွဲတော် ကာလ ရုံးပိတ်ရက် သုံးရက်တာ အတွင်း ငပလီကမ်းခြေဒေသသို့ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည် ၄၉၂၇ ဦး ဝင်ရောက်ခဲ့ပြီး ယမန်နှစ်ကထက် ၂၉၂၇ ဦးပိုမိုဝင်ရောက်ခဲ့သဖြင့် ပြည်တွင်း ပြည်ပ ခရီးသွား ၆၄ ဒသမ ၉၄ ရာခိုင်နှုန်း တိုးမြင့် ဝင်ရောက်ခဲ့ကြောင်း စစ်ကောင်စီ၏ ရခိုင်ပြည်နယ်ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနက ထုတ်ဖော်ပြောကြားထားသော်လည်း ယင်းနောက်ပိုင်း ခရီးသွားဧည့်သည် ဝင်ရောက်မှု နည်းပါးသွားခဲ့သည်ဟု သိရသည်။

သို့သော်လည်း သီတင်းကျွတ်ရုံးပိတ်ရက်အလွန်ကပင် လက်ရှိအချိန်ထိခရီးသွားလာရောက်မှု မရှိသလောက်နည်းပါးကြောင်း ငပလီကမ်းခြေ ဒေသခံများက နိရဉ္စရာသို့ပြောသည်။

ငပလီကမ်းခြေတွင် ရေကစားသူများအတွက် လေလုံး ဘောကွင်းငှားရမ်းသည့် အမျိုးသမီးတစ်ဦးကလည်း" အခုကဧည့်သည်တွေ မလာသလောက်ပဲ။ခါတိုင်းနှစ်တွေဆို သီတင်းကျွတ်လွန်တာနဲ့ ဧည့်သည်တွေလာတယ်။ဧည့်သည်တွေမရောက်တော့အခု တစ်ရက် ငါးထောင်လောက်တောင်မရနိုင်ဘူး" ဟု ပြောသည်။

ယခင်နှစ်ကပွင့်လင်းရာသီစတင်သည်နှင့် ခရီးသွား ဧည့်သည်များ ယခုထက် လာရောက် လည်ပတ်မှုရှိခဲ့၍ ခရုခွံပစ္စည်းရောင်းချသည့်လုပ်ငန်းများမှာ တစ်ရက် ငါးသောင်းကျပ်မှ တစ်သိန်းကျပ်ဖိုးလောက်ထိရောင်းချခဲ့ရကြောင်း သူမကပြောသည်။

ကိုဗစ် ၁၉ ကပ်ရောဂါကာလနှင့် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမငြိမ်သက်မှုကြောင့် ငပလီကမ်းခြေသို့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု တဖြည်းဖြည်းလျော့နည်းလာကြောင်း ငပလီကမ်းခြေဟိုတယ်တစ်ခုမှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောသည်။


" အာဏာသိမ်းပြီးနောက်မှာ ဧည့်သည်လာရောက်မှုအရမ်းလျော့ကျသွားတယ်။ အခုနိုင်ငံခြားသား ဧည့်သည်ဆိုရင်လုံးဝမရှိသလောက်ပဲ" ဟု ပြောသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းများအရ ရခိုင်ပြည်တွင် ၂၀၂၀ ခုနှစ်က နိုင်ငံခြားခရီးသွား ဧည့်သည် ၃၄၀၀၀ ကျော်ရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ် စစ်ကောင်စီ အာဏာသိမ်းသည့်နှစ်တွင် ၂၀၀၀ ကျော်သာရှိခဲ့ပြီး ၁၉၀၀၀ ကျော် ကျဆင်းခဲ့သွားကြောင်း သိရသည်။

ငပလီကမ်းခြေတွင် ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှုစသည့် အကြီးစားစီးပွားရေး လုပ်ငန်းများအပါအဝင်  အပန်းဖြေ လာရောက်သည့် ခရီးသွားဧည့်သည်များကိုအမှီပြု၍ အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ၊ ဘောကွင်းငှားရမ်းသည့် လုပ်ငန်းများ၊ ဒေသထွက်စားသောက်ဖွယ်ရာ ရောင်းချပြီး အသက်မွေး ဝမ်းကျောင်း ပြုနေသူများ အနေဖြင့် ခရီးသည် အလာနည်း၍ အဆင်မပြေမှုနှင့်ကြုံတွေ့နေရသည်ဟု ဆိုသည်။

ခရီးသွားဧည့်သည်များအား ဆွဲဆောင်နိုင်ရန် အတွက် လာမည့် နိုဝင်ဘာလ ၁၈ ရက်တွင် ငပလီကမ်းခြေတွင် ဆောင်းဦးပွဲတော်ဖွင့်လှစ်ပြီး ပျော်ပွဲရွှင်ပွဲ၊ အားကစားပွဲတော်များ ကျင်းပရန်ရှိသည့်အတွက် ခရီးသွားဧည့်သည်အများအပြား လာရောက် လည်ပတ်နိုင်မည်ဟု မျှော်လင့်နေကြသည်ဟု သူကပြောသည်။

ငပလီကမ်းခြေဆောင်းဦးပွဲတော်တွင် မီးပုံပွဲ၊ အားကစားပြိုင်ပွဲများ၊ ရခိုင်ရိုးရာကျင်သရုပ်ပြပွဲ၊ ရိုးရာဝတ်စုံပြိုင်ပွဲ၊ သဲပန်းချီပြပွဲ၊တိုင်းရင်းသားရိုးရာ အစားအသောက်အရောင်းဆိုင်များ၊ MSME အရောင်းပြခန်း၊ ညစျေးတန်းနှင့်စျေးပွဲတော်၊ တေးဂီတဖျော်ဖြေပွဲများဖြင့်ကျင်းပသွားမည်ဟု သိရသည်။

စစ်ကောင်စီအနေဖြင့် ယခုနှစ်တွင် ငပလီအပါအဝင် ရခိုင်မြို့နယ် ၅ ခုတွင် ဆောင်းဦးပွဲတော် ကျင်းပမည် ဖြစ်ကြောင်းသိရသည်။(NN-23)

ဆက်စပ် သတင်းများ