တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ် နယ်ခြားစောင့်ရဲစခန်းနှစ်ခုကို ရက္ခိုင့်တပ်တော် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဒုံးပိုက်စခန်းကိုသိမ်းပိုက်ရရှိပြီဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 6.8k

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်မှ နယ်ခြားစောင့်ရဲစခန်းနှစ်ခုကို ယနေ့မနက်ပိုင်းက ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒုံးပိုက်နယ်ခြားစောင့် စခန်းကို သိမ်းပိုက်ရရှိပြီး မီးစွဲလောင်နေသည်ကိုမြင်တွေ့ရကြောင်း ဒေသခံများက နိရဉ္စရာသို့ပြောသည်။

ယနေ့ နိုဝင်ဘာလ ၁၃ ရက် ၊ နံနက် ၅ နာရီ ၃၀ မိနစ်တွင် ချိန်ခါလီစခန်းနှင့် ဒုံးပိုက်စခန်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၆ နာရီခွဲဝန်းကျင်တွင် ဒုံးပိုက်စခန်း မီးစွဲလောင်နေသည်ကို မြင်တွေ့ရကြောင်း အနီးအနားရှိဒေသခံတစ်ဦးက ပြောသည်

" မနက်အစောကြီးကတည်းက စပြီးပစ်နေကြတာ။ ချိန်ခါလိန်စခန်းနဲ့ ဒုံးပိုက်စခန်းကို AA က ဝင်တိုက်နေတာလို့ သိရပါတယ်။ ဒုံးပိုက်စခန်းကိုတော့ ရသွားပြီလို့ကြားတယ်။အခု အဲဒီစခန်းကမီးလောင်နေတာမြင်ရတယ်" ဟု သူကပြောသည်။

အဆိုပါတိုက်ပွဲအတွင်း နှစ်ဘက်အထိအခိုက်အကျဆုံးကိုမူ ဒေသခံများအနေဖြင့် မသိရှိနိုင်သေးကြောင်း ပြောဆိုကြသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စတင်ခဲ့သည့် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇စစ်ဆင်ရေး သည် ရခိုင်သို့ စတင် ကူးစက်လာသည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့ (MNDAA+TNLA+AA)မှ နိုဝင်ဘာ ၈ရက်နေ့က ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း နိုဝင်ဘာ ၁၃ ရက်နေ့ နံနက်တွင် စတင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားလာနေပြီဖြစ်သဖြင့်  ဒေသခံပြည်သူများအနေဖြင့် အထူးသတိထားသွားလာကြရန်နှင့်  ကျေးရွာများသာမက မြို့ပေါ်များတွင်ပါ ဗုံးခိုကျင်းပြုလုပ်ကြရန် တိုက်တွန်း နိုးဆော်မှုများရှိနေသည်။  (NN-23)

ဆက်စပ် သတင်းများ