ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

စစ်တွေမြို့ဝင် အထွက် တပ်ထိန်းဂိတ်ကို ပိတ်ထားလိုက်သဖြင့် စစ်တွေမြို့နှင့် နယ်မြို့များအကြား အဆက်အသွယ်ပြတ်တောက်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.7k

(စစ်တွေ- ရန်ကုန် ကားလမ်းတစ်လျှောက်ရှိ အနည်းဆုံး စစ်ကောင်စီ စစ်ဆေးဂိတ် ၈ ခုကို ပိတ်လိုက်ပြီဟုဆို)

စစ်တွေ- ရန်ကုန်ကားလမ်းပေါ်ရှိ  စစ်တွေမြို့ဝင် အထွက် စစ်ကောင်စီတပ်ထိန်းဂိတ်ကို ပိတ်ထားလိုက်ပြီဖြစ်သဖြင့် နယ်မြို့များနှင့် စစ်တွေအကြား အသွားအလာ ပြတ်တောက်သွားပြီဟု သတင်းရရှိသည်။

စစ်တွေ ဒေသခံတစ်ဦးက “  ရသေ့တောင်ဘက်မှာ တိုက်ပွဲဖြစ်ပွားတဲ့ နောက်ပိုင်း ချက်ချင်းဆိုသလို ပိတ်လိုက်တာပါ။ လောလောဆယ်တော့ စစ်တွေမြို့ပြင်ကို သွားလို့ မရတဲ့ အနေအထားကို ရောက်နေပါတယ်” ဟု ပြောသည်။

၎င်းပြင် စစ်ကောင်စီက ရခိုင်ပြည်တွင်း သွားလာနေသည့် ကားလမ်းများအားလုံးကိုလည်း  ပိတ်လိုက်ပြီဖြစ်ကာ လမ်းပေါ်တွင် ကားဖြင့်သွားသူ ခရီးသွားများ ပိတ်မိနေသည်ဟု ဒေသခံကားသမား တစ်ဦးက နိရဉ္စရာကိုအတည်ပြုပြောသည်။


" ကဇူးကိုင်းကနေ စစ်တွေထိပိတ်လိုက်ပြီကြားတယ်။ လမ်းသွားလမ်းလာပြည်သူပြည်သားတွေ ဂရုစိုက်ကြပါ။ အခု လမ်းမှာ ပိတ်မိနေတဲ့သူ တွေအများကြီးလို့ ကြားတယ်။  ပိတ်မိနေတဲ့သူတွေ လုံခြုံတဲ့‌ နေရာမှာနေကြပါ။ လုံခြုံရေး ဂရုစိုက်ကြပါ "ဟုပြောသည်။

စစ်ကောင်စီဘက်မှ စစ်တွေ-ရန်ကုန်ကားလမ်းတစ်လျှောက် ကားလမ်းဂိတ်များတွင် သွားလာခွင့်ကို ပိတ်ထားလိုက်သည့်အတွက် လမ်းပေါ်တွင် သွားလာ၍မရ ဖြစ်သွားပြီဟု စစ်တွေ-မြောက်ဦး ကားမောင်းသူတစ်ဦးက နိရဉ္စရာကိုပြောသည်။

" ဟိုဂိတ်ပိတ်သွားမလား။ ဒီဂိတ်ပိတ်သွာမလားဆိုပြီး အမြန်မောင်းနေရတယ်။ ခုပိတ်လိုက်တော့ နီးစပ်ရာမှာပဲ နားနေလိုက်ရတယ်။ ကျနော်တို့ကားသမားတွေလည်း ခရီးသည်တွေကိုလည်း ဂရုစိုက်ရတယ်။ကိုယ့် အတွက်လည်းဂရုစိုက်ရပါတယ်" ဟုပြောသည်

လက်ရှိတွင်စစ်ကောင်စီပိတ်ဆို့ထားသည့်ဂိတ်မှာ အမ်းမြို့နယ် ကဇူးကိုင်းဂိတ်မှ စစ်တွေ ကျောက်တန်းဂိတ်ထိ ဂိတ်ပေါင်း  ၈ ဂိတ်ကို သွားလာခွင့် ပိတ်ထားလိုက်ပြီဖြစ်ကာ  ရသေ့တောင်သို့သွားသည့် ရေလမ်း ရေချမ်းပြင်နှင့် ပါဒလိတ်အပါအဝင် ကားလမ်းများကိုလည်း ပိတ်ဆို့ထားပြီဟု ဒေသခံများကပြောသည်။(NN-11)

ပုံစာ- စစ်တွေမြို့ဝင်အထွက် တပ်ထိန်းဂိတ်ကို ပိတ်ထားလိုက်သဖြင့် ကားများ တပ်ထိန်းဂိတ်ရှေ့တွင် စီတန်းပိတ်မိနေသည်ကို ယနေ့ နံနက် တွေ့ရစဉ်

ဆက်စပ် သတင်းများ