သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

မြောက်ဦးတွင် ရဲက သေနတ်ဖြင့်ပစ်၍ ကားသမားတစ်ဦး သေဆုံးပြီး အရပ်သားတစ်ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.9k

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ရဲသားတစ်ဦးက လမ်းပေါ်သွားနေသည့် ကားတစ်စီးအား သေနတ်ဖြင့် အကြောင်းမဲ့ပစ်ခတ်သဖြင့်  တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိသွားခဲ့သည်ဟု သတင်းရရှိသည်။

သေဆုံးသွားသူ ကားသမားမှာ  အသက်(၃၀)ဝန်းကျင် ဗမာတိုင်းရင်းသား ဦးကျော်စွာဖြစ်ပြီး ဒဏ်ရာရရှိသွားသူမှာ မြောက်ဦးမြို့၊ ရွှေထီးဆောင်းစစ်ဘေးရှောင်စခန်းတွင်နေထိုင်သူ အသက်(၄၆)အရွယ် ဦးအနိုင်ချေဖြစ်ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ ၁၃ရက်၊ မနက် ၉ နာရီအချိန်ခန့်လောက်က မြောက်ဦးမြို့ နယ်၊ မင်းသားကျွန်း၊ မြင်းခုံတန်းဖက်တွင် ရဲကားတစ်စီးမှ သေနတ်ဖြင့်လှမ်းပစ်ခဲ့၍ ကားသမားဦးကျော်စွာမှာ ဦးခေါင်းတွင် ကျည်ထိပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။

၎င်းပြင်  အနီးအနားရှိ အိန္ဒိယသုံးဘီး(ဒေသအခေါ် တုတ်တုတ်)မောင်းနေသည့် ဦးအနိုင်ချေတွင် ပေါင်၌ ကျည်ဆံထိမှန် ဒဏ်ရာရရှိသွားခဲ့သည်။

"ကျွန်မဦးလေးက တုတ်တုတ်မောင်းပြီးအပြန်မှာ ပစ်ခံရတာပါ။ အဲ့ဒီအနားက ရဲကားတစ်စီးက ပစ်ခဲ့တာလို့ပြောတယ်။ ဒဏ်ရာက ပေါင်မှာ ရသွားပါတယ်။ မစိုးရိမ်ရပါဘူး။ မြို့ထဲဘယ်သူမှ မထွက်ကြလို့ ကျွန်မတို့လည်း မသွားရဲကြပါဘူး။ နောက်ကားသမားတစ်ဦးကလည်းသေနတ်ပစ်ခံရလို့ ခေါင်းမှာထိပြီး ကားပေါ်မှာသေနေတယ်လို့ပြောတယ်" ဟု ဦးအနိုင်ချေ၏ တူမတော်စပ်သူ ကပြောသည်။

လက်ရှိမြောက်ဦးမြို့တွင် ထိုသေနတ်ပစ်ခတ်မှုကြောင့် ဈေးဆိုင်များ၊ ဆိုင်ခန်းများ၊ စာသင်ကျောင်း များနှင့် ဆေးဆိုင်များကိုပါ ပိတ်သိမ်းထား၍ သေနတ်ပစ်ခံရပြီး ထိခိုက်ဒဏ် ရာရရှိသွားသည့် ဦးအနိုင်ချေကို မြောက်ဦးမြို့နယ်၊ တိန်ညိုတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရသည်ဟု သိရသည်။ (NN-12)

 ဓာတ်ပုံ - Soe Win

ဆက်စပ် သတင်းများ