တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

စစ်တွေတွင် ည ၉ နာရီနောက်ပိုင်း ညမထွက်ရအမိန့်ကို စစ်ကောင်စီထုတ်ပြန်


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၁၃ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 968

ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့တွင် ည ၉ နာရီ နောက်ပိုင်း ညမထွက်ရအမိန့်ကို စစ်ကောင်စီက ယနေ့တွင်ထုတ်ပြန်လိုက်သည်။

အဆိုပါ ညမထွက်ရအမိန့်သည် ယနေ့ နိုဝင်ဘာလ ၁၃ ရက်မှစ၍ ရက်အကန့်အသတ်မရှိဖြစ်ပြီး စားသောက်ဆိုင်နှင့် လမ်းဘေးဈေးဆိုင်များ ည ၈ နာရီခွဲတွင် အပြီးသတ်ဆောင်ရွက်ရန်၊ လုပ်သားပြည်သူများ ည ၉ နာရီအချိန်အပြင်မထွက်ကြရန်နှင့် အထက်ပါညွှန်ကြားချက်အား လိုက်နာမှုမရှိသည်ကို တွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု ယနေ့ထုတ်ပြန်သည့်အမိန့်စာတွင်ဖော်ပြ ပါရှိသည်။

ယနေ့နေ့လယ် ၂ နာရီက စစ်တွေမြို့ပေါ်ရပ်ကွက်အားလုံးရှိ အုပ်ချုပ်ရေးမှူးများနှင့် အစည်းအဝေးကျင်းပပြီးသည့်နောက်တွင် စစ်တွေခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အမိန့်ထုတ်လိုက်ခြင်းဖြစ်ကြောင်း ညွှန်ကြားချက်စာတွင် ပါရှိသည်။

အဆိုပါ ည ၉ နာရီနောက်ပိုင်း ညမထွက်ရအမိန့်ထုတ်ပြန်သည့်ကိစ္စနှင့်ပတ်သက်၍ စစ်တွေမြို့ခံတစ်ဦးက "ရခိုင်မှာတိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့အတွက် အခုလိုထုတ်လိုက်တာဖြစ်နိုင်တယ်။ ပြည်သူတွေအနေနဲ့ သတိရှိရှိသွားလာကြပါ။ မတော်ရင် သူတို့ဆီမှာအဆွဲခံရနိုင်တယ်" ဟုပြောသည်။

ယနေ့နိုဝင်ဘာလ ၁၃ ရက်၊ နံနက်က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင် ရက္ခိုင့်တပ်တော်(အေအေ)နှင့် စစ်ကောင်စီတို့ တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်စခန်းတချို့နှင့် အရာရှိအချို့ကို ဖမ်းဆီးရမိထားသည်ဟု ရက္ခိုင့်တပ်တော်ပြောခွင့်ရ ဦးခိုင်သုခက နိရဉ္စရာသို့ပြောဆိုထားသည်။

ယင်းတိုက်ပွဲများဖြစ်ပွားပြီးနောက်တွင် စစ်ကောင်စီက ရန်ကုန်-စစ်တွေကားလမ်းတစ်လျှောက်၊ စစ်တွေ- ရသေ့တောင်- ဘူးသီးတောင်- မောင်တော ကားလမ်း၊ ရေလမ်းတစ်လျှောက်ကိုလည်း ပိတ်ဆို့ထားကြောင်း ဒေသခံများကပြောသည်။

လက်ရှိစစ်တွေမြို့တွင်လည်း စစ်ကောင်စီစစ်ကားများ သွားလာနေသည်ကိုတွေ့မြင်ရပြီး စစ်တွေမြို့၊ ဆတ်ရိုးကျတံတားဘက်မှ စစ်တွေမြို့ထဲသို့လည်း စစ်ကောင်စီပြောင်းကား ၃ စီးတို့ထွက်ခွာသွားသည်ဟုလည်း မျက်မြင်ဒေသခံတစ်ချို့က ပြောသည်။

ဓာတ်ပုံ - စစ်တွေမြို့၏ ယနေ့ နိုဝင်ဘာ ၁၃ ရက်၊ ညမြင်ကွင်း။

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!