တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရသေ့တောင်မြို့အဝင် ပြားချောင်းကြီးတံတားအနီးတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.6k

ရခိုင်ပြည်နယ်၊ ရသေ့တောင့်အဝင် ပြားချောင်းကြီးတံတားအနီးတွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့အကြား ယမန်နေ့ နိုဝင်ဘာ ၁၃ ရက် ညည့် ၁၁ နာရီခွဲကျော်ခန့်က မိနစ် ၃၀ ကြာ နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။

ယင်းအနီးအနားရှိဒေသခံတစ်ဦးက "နှစ်ဘက်ပစ်နေကြတာ အလယ်တည့်တည့်မှာဖြစ်နေလို့ ထွက်ပြေးလာရတယ်" ဟုပြောသည်။

လက်ရှိ ရသေ့တောင်မြို့နှင့် အနီးဝန်းကျင် အခြေအနေမှာ ငြိမ်သက်နေကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။

အဆိုပါနာရီဝက်အကြာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်နေစဉ်အတွင်း စစ်ကောင်စီဘက်မှလည်း လက်နက်ကြီးများဖြင့်ပစ်ကူပေးခဲ့ပြီး လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့၍ ရသေ့တောင်မြို့ပေါ်နေ ဒေသခံပြည်သူများမှာ  လုံခြုံမည့်နေရာတွင် ပုန်းအောင်းနေကြရကြောင်း ဒေသခံတစ်ဦးကပြောသည်။

" ဘယ်ကပစ်လို့ပစ်နေမှန်းကိုမသိဘူး။ သေနတ်သံတွေ၊ လက်နက်ကြီးသံတွေကြားတော့ အိမ်ထဲက ရေချိုးခန်းတွေထဲမှာ ဝင်ပုန်းနေရတယ်" ဟုပြောသည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ပြားချောင်းကြီးတံတားအနီးတွင် နှစ်ဖက် စစ်ဆိုင်ထားသည့် အခြေအနေရှိကြောင်း ၎င်းက ပြောသည်။

အဆိုပါလက်နက်ကြီးများပစ်ခတ်မှုကြောင့် ရသေ့တောင်မြို့၊ ဈေးအနီးရှိ အလှပြင်ဆိုင်တစ်ဆိုင်နှင့် နေအိမ်တစ်လုံးပေါ်သို့  လက်နက်ကြီးကျည် ကျရောက်ခဲ့ကြောင်း ဒေသခံများကပြောဆိုသည်။

ရခိုင်ကမြို့နယ်သုံးခုတွင် ယမန်နေ့နံနက်က စစ်ကောင်စီနှင့် အေအေတို့တိုက်ပွဲများ ပြန်လည် စတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးများဖြင့် လူနေ မြို့ရွာများပေါ်သို့ ပစ်ခတ်ခဲ့သည်ဟု သိရသည်။ (NN-8)

ဆက်စပ် သတင်းများ