ဗုဒ္ဓဟူး၊ မေလ ၂၂ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်မြို့တော်စစ်တွေတွင် တစ်မြို့လုံးနီးပါး လမ်းများကို စစ်ကောင်စီ ပိတ်ဆို့ထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

(စစ်ကောင်စီရဲတပ်ဖွဲ့ဝင်အများအပြား လုံခြုံရေးချထား)

ရခိုင်တိုက်ပွဲများစတင်ဖြစ်ပွားပြီးနောက်တစ်ရက်အကြာ စစ်ကောင်စီရုံးစိုက်ရာ ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် ယနေ့ နိုဝင်ဘာ ၁၄ ရက်  မနက်ပိုင်းမှစ၍ တစ်မြို့လုံးနီးပါးရှိ လမ်းများကို စစ်ကောင်စီက ပိတ်ဆို့ထားသည်။

စစ်တွေမြို့၏ အဓိကလူသွားလူလာများသည့် စစ်တွေနာရီစင်မှ ပြည်တော်သာ ရပ်ကွက်သို့ သွားရာလမ်းနှင့် မေယုလမ်းမကြီးအတိုင်း လောကာနန္ဒာ စေတီတော်မြတ် အနီးထိ တစ်လမ်း၊ ကမ်းနားလမ်း တြိဂံလမ်းဆုံ၊ မင်းဘာကြီးလမ်း ပြည်သူ့ဝန်ဆောင်မှုရုံး One Stop Shop (OSS)ရုံးမှ ပြည်နယ် စစ်ကောင်စီရုံးနှင့် လောကာနန္ဒာစေတီတော်မြတ်အနီး မီးပွိုင့်ထိ၊ စစ်တွေမြို့ အားကစားရုံ အနောက်လမ်း၊ မေယုလမ်းမကြီး အတိုင်း ဗုဒ္ဓပြတိုက်အနီးနှင့် မီးစက်ကြီးခွဆုံအနားတို့တွင် စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးယူကာ လမ်းများပိတ်ဆို့ထားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

စစ်တွေမြို့တစ်မြို့လုံးနီးပါးရှိ လမ်းမများနှင့် လမ်းသွယ်များကို ပိတ်ဆို့ထားသဖြင့် ရုံးတက်၊ အလုပ်သွား၊ ကျောင်းတက်၊ စာမေးပွဲဖြေဆိုရန် သွားမည်သူများအနေဖြင့် အခက်တွေ့နေရပြီး လမ်းအဆင့်ဆင့်သွယ်ဝိုက်ကာ သွားနေကြရသည်ဟု ဒေသခံများကပြောသည်။

အဆိုပါပိတ်ဆို့ထားသည့် လမ်းများတွင်လည်း တစ်နေရာစီတွင် ရဲတပ်ဖွဲ့ဝင် ရှစ်ဦးထက်မနည်း လုံခြုံရေး ယူထားသည်ကို တွေ့ရသည်။

ရခိုင်တွင် ယမန်နေ့နိုဝင်ဘာလ ၁၃ ရက် နံနက်ပိုင်းမှစ၍ ရက္ခိုင့်တပ်တော်(အေအေ)နှင့် မြန်မာ စစ်တပ်တို့ တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီ ရက္ခိုင့်တပ်တော်က စစ်ကောင်စီတပ်စခန်းနှစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည့်အပြင် ရဲဘက်၊ စစ်ဘက်မှလည်း အေအေထံ အလင်းဝင်သူများလည်း ရှိနေကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲများကြောင့် စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့တွင် ယမန်နေ့ကစ၍ စစ်ကောင်စီ တင့်ကားများ၊ စစ်ကားများ လှည့်လည် သွားလာနေပြီး ဒေသခံဆယ်ဦးထက် မနည်းကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်။ (NN-8)

ဓာတ်ပုံ - ယနေ့နံနက်ကမြင်တွေ့ရသည့် စစ်တွေမြို့

ဆက်စပ် သတင်းများ