စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ရခိုင်တွင် စစ်ကောင်စီတပ်က ညဉ့်အချိန်လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ လူတချို့ ဒဏ်ရာရပြီး နေအိမ်အချို့ထိခိုက်ပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.5k

(ဒေသခံအချို့လည်း ထိခိုက်ဒဏ်ရာရ)

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်များက ညဉ့်အချိန် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်၍ မြို့ပေါ် ရပ်ကွက် တချို့နှင့် ကျေးရွာတစ်ချို့၌ ကျရောက်ပေါက်ကွဲမှုများရှိကာ လူတချို့ထိခိုက်ပြီး  နေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။

ရသေ့တောင်၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် စစ်တွေမြို့များရှိ စစ်ကောင်စီတပ်များသည် တိုက်ပွဲစတင်ခဲ့သည့် ယမန်နေ့နိုဝင်ဘာ ၁၃ ရက်နေ့ညက  ကျေးရွာဒေသများ သာမက မြို့ပေါ်ရှိ လူနေရပ်ကွက်များကိုပါ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ရသေ့တောင်မြို့ပေါ်တွင်ဆိုလျှင် လက်နက်တစ်ချို့ကျရောက်ပေါက်ကွဲခဲ့၍ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိသွားသည်ဟု ရသေ့တောင်မြို့ခံ တစ်ဦးက နိရဉ္စရာကို ပြောသည်။

"မြို့ပေါ်ရပ်ကွက်နှစ်ခုမှာ လက်နက်နှစ်လုံးကျခဲ့တယ်။ ညဘက်ပစ်တာ။ အမျိုးသမီးတစ်ယောက်မှာ လက်နက်ကြီးအိမ်နားမှာကျခဲ့လို့ မှန်စထိပြီး လက်ထိသွားတယ်။ အရမ်းအများတော့ မဟုတ်ဘူး" ဟုပြောသည်။

ရသေ့တောင်မြို့၊ အရှေ့တောင်ရပ်ကွက် ဈေးနားတွင် လက်နက်ကြီးကျည် တစ်လုံးနှင့် အရှေ့မြောက်ရပ်ကွက် ဓမ္မာရုံရှေ့တွင် လက်နက်ကြီးကျည် တစ်လုံးကျရောက်ခဲ့ပြီး ရသေ့တောင်မြို့နယ်၊ ပြားချောင်းကျေးရွာတွင်လည်း လက်နက်‌ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဓာတ်တိုင်များပါကျိုးသွားကြောင်း သိရသည်။



ရသေ့တောင်မြို့တွင် အမှတ်  ၅၃၆၊ ၅၃၇၊ ၅၃၈ တပ်ရင်း ၃ ရင်း အခြေစိုက် တပ်စွဲထားသဖြင့် မည်သည့်တပ်ရင်းက လှမ်းပစ်သည်ကို ဒေသခံအနေများ မသိရသေးဟု ၎င်းက ဆက်ပြောသည်။

ယင်းအပြင် မင်းပြားမြို့ကျိန်းတောင်ဘုရားမှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်များကလည်း ယမန်နေ့ နံနက်မှစတင်ကာ ညဉ့်နက်သည်အထိ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခဲ့မှုများရှိခဲ့ပြီး ဥက္ကာပျံရပ်ကွက်တွင် အသက် ၆၀ အရွယ်မရမာကြီး အမျိုးသမီးကြီးတစ်ဦးနှင့် သူမ၏ မြေးတို့၌ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မင်းပြားဒေသခံတစ်ဦး "ညက ကျိန်းတောင်ကလက်နက်ကြီးပစ်တယ်။ မြို့ထဲကိုကားနဲ့ ပတ်ပြီး အိမ်တွေကိုပါ သေနတ်နဲ့ပစ်တယ်။ အဲ့မှာ မရမာကြီး မိန်းမကြီး တစ်ယောက် မျက်နှာတစ်ခြမ်းထိသွားတယ်။ မနက်ကမှ ဆေးရုံပို့လိုက်ရတာ။ မြေးမှာတော့ နည်းတယ်" ဟုပြောသည်။

ယင်းအပြင် ဘူးသီးတောင်မြို့တွင်လည်းယမန်နေ့ည ၁၀ နာရီခန့်က ရဲတပ်ရင်းဘက်မှ လက်နက်ကြီးများပစ်ခတ်သံ ၅ ချက်ခန့် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

ကျောက်တော်မြို့နယ်တွင်လည်း ၅၃၉ တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်မှုများလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပုဏ္ဏားကျွန်းမြို့ပေါ်တွင်လည်း ယမန်နေ့ညက ၅၅၀ တပ်က လက်နက်ကြီးများဖြင့် ဒေသခံများဖြင့် ဒေသခံများ ထိတ်လန့်အောင်ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်တွေမြို့တွင် တပ်ရင်းတစ်ခုမှ  ည ၁၁ နာရီခွဲလောက်က ၈၀ မမ အဆင့်ရှိ လက်နက်ကြီး ပစ်ခတ်သံထွက်ပေါ်ခဲ့သဖြင့် မြို့ပေါ်ဒေသခံများ စိုးရိမ်ထိတ်လန့်ခဲ့ရကြောင်း သိရသည်။

 

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့တကျောပြန်တိုက်ပွဲမှာ ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်မှစတင်ဖြစ်ပွားခဲ့သည်။ (NN-11)

 

Photo - CJ

ဆက်စပ် သတင်းများ