တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

တောင်ကုတ် တန်းလွဲရွာမရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၂၀ ကျော် စခန်းရုပ်သိမ်းထွက်ပြေး


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၄ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.5k

(လက်ရှိ ULA/ AA က စခန်းကိုထိန်းချုပ်ထား)

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၂၀ ကျော်သည် ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်က စခန်းကိုရုပ်သိမ်းထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

စခန်းရုတ်သိမ်းသွားသည့် တန်းလွဲရွာမမြို့ရဲစခန်းတွင် အရာရှိအဆင့်အပါအဝင် ရဲတပ်ဖွဲ့ဝင်အင်အား ခန့်မှန်းခြေ ၂၅ ဦးခန့်ရှိကြောင်း သိရသည်။

အဆိုပါရဲတပ်ဖွဲ့ဝင်များသည် ယမန်နေ့ မနက်ပိုင်းကပင်စတင်ကာ ၄င်းတို့မိသားစုဝင်များနှင့်အတူ တောင်ကုတ်မြို့ပေါ်သို့ ပြောင်းရွှေ့ထွက်ပြေးသွားကြောင်း တန်းလွဲရွာမမြို့ခံတစ်ဦးက နိရဥ္စရာသို့ပြောသည်။

"ကျွန်တော်တို့သိရသလောက် မနေ့ကမနက်ပိုင်းကတည်းက သူတို့မိသားစုဝင်တွေကို ကားနဲ့ခေါ်ပြီးမြို့ပေါ်ကိုထွက်သွားကြတယ်လို့သိရတယ်" ဟု ပြောသည်။

အဆိုပါရဲစခန်းကို ULA/ AA က ဝင်တိုက်ပါက ပြန်လည်တိုက်ခိုက်ရန်အင်အားမမျှတ၍ ၄င်းတို့အတွက်လုံခြုံမည်ထင်သည့် မြို့ပေါ်သို့ ပြောင်းရွှေ့ထွက်ပြေးသွားခြင်းဖြစ်နိုင်ကြောင်း တန်းလွဲရွာမမြို့ခံတစ်ဦးကပြောသည်။

"ဒီဘက်အနေအထားအရ ULA/AA က ဝင်တိုက်ရင် သူတို့ပြန်တိုက်လို့ ဘယ်လိုမှမနိုင်တဲ့အနေအထားရှိတယ်။ ဒါကြောင့် သူတို့လည်းကြိုတင်ပြီး မြို့ပေါ်ကို ရှောင်သွားကြတာဖြစ်နိုင်ပါတယ်"ဟု ပြောသည်။

ယမန်နေ့ညပိုင်းတွင် တန်းလွဲရွာမမြို့ရဲစခန်း၌ ရဲတပ်ဖွဲ့ဝင်တစ်ဦးတစ်ယောက်မျှမကျန်ရှိတော့ဘဲ စခန်းကို သော့ခတ်ထားကြောင်း မြို့ခံများက ပြောသည်။

လက်ရှိတွင် အဆိုပါတန်းလွဲရွာမမြို့ရဲစခန်းအား ရက္ခိုင့်တပ်တော် (AA) က ထိန်းချုပ်ထားသည်ဟု မြို့ခံများက နိရဥ္စရာသို့ပြောသည်။

ယမန်နေ့တွင်ပင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင်ရွာအနီးရှိ မီးရထားဘူတာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သား
  ၂၀ ခန့်သည် AA ထံ တိုက်ခိုက်ခံရမည်ကို စိုးရိမ်၍ စခန်းကို ရုပ်သိမ်းကာ စစ်တွေမြို့ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။

အလားတူ ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်ရှိ ရဲစခန်း ၃ ခု မှ ရဲတပ်ဖွဲ့ဝင်များသည်လည်း ယမန်နေ့တွင် စခန်းကိုရုပ်ပြီး မိသားစုနှင့်အတူ ကားများဖြင့် မြို့ပေါ်သို့ ထွက်ပြေးသွားကြသည်ဟု သိရသည်။

၎င်းရဲစခန်းများမှာ ကျောက်ဖြူမြို့နယ်မှ စနဲမြို့မ ရဲစခန်း၊ ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ်မှ သရက်ချိုစခန်းနှင့် ကျောက်ချောင်းတိုက်နယ်မှ အောင်လှပြင်ကျေးရွာ ရဲစခန်းတို့ဖြစ်ကြသည်။

ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာရဲစခန်းမှ စခန်းမှူးအပါအဝင် အင်အား ၂၆ ဦးပါ ရဲစခန်းတစ်ခုလုံးသည် ယမန်နေ့ နံနက်က AA ထံ လက်နက်အပြည့်အစုံဖြင့် လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။ (NN-23)

ဓာတ်ပုံ - တန်းလွဲရွာမမြို့ ဘုန်းကြီးကျောင်းရှေ့ရဲတပ်ဖွဲ့နှင့်ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးလုပ်ခဲ့စဥ်/ ပေးပို့

 

ဆက်စပ် သတင်းများ