စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

ကုန်းလမ်း၊ ရေလမ်းများကို စစ်ကောင်စီက ပိတ်လိုက်သဖြင့် စစ်တွေတွင် သင်တန်းလာတက်သည့် ဆရာ၊ ဆရာမထောင်နှင့်ချီပြီး အိမ်မပြန်ရဘဲ ပိတ်မိနေ


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၁၅ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.1k

ရခိုင်တွင် နိုဝင်ဘာ ၁၃ ရက်က စတင်ဖြစ်ပွားသည့် စစ်ပွဲများကြောင့် ကားလမ်း၊ ရေလမ်းများကို စစ်ကောင်စီက ပိတ်ထားလာသဖြင့်  စစ်တွေသို့  စနစ်သစ်သင်ရိုး သင်တန်း လာတက်သည့် ဆရာ ဆရာမ ထောင်နှင့်ချီပြီး အိမ်မပြန်နိုင်ဘဲ စစ်တွေမြို့တွင် သောင်တင်ပိတ်မိနေကြသည်ဟု သိရသည်။

ဆရာဆရာမများ၏ သင်တန်းမှာ နိုဝင်ဘာ ၁၂ ရက်နေ့ပြီဆုံးခဲ့ပြီးသော်လည်း နိုဝင်ဘာ ၁၃ ရက်နေ့ နံနက်တွင် ရက္ခိုင့်တပ်တော်(AA)က စစ်ကောင်စီစခန်းများကို စတင်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီက ခရီးလမ်းများကို ပိတ်ဆို့လိုက်သဖြင့် မိမိဒေသသို့ မပြန်နိုင်ကြဘဲ စစ်တွေမြို့တွင် သောင်တင်နေကြရသည်ဟု ဆရာ ဆရာမများ အသိုင်းအဝိုင်းက တစ်ဆင့် သိရသည်။

၎င်းဆရာ ဆရာမများမှာပလက်၀ခရိုင်၊ မြောက်ဦးခရိုင်၊ စစ်တွေခရိုင်နှင့် မောင်တောခရိုင်အတွင်းရှိ မြို့နယ် (၁ဝ) ခုမှဖြစ်ပြီး စုစုပေါင်း ၆ ထောင်ကျော် လောက်ရှိသည်ဟု စာရင်းကောက်ယူနေသည့် သင်တန်းလာတက်သူ ဆရာတစ်ဦးက ပြောသည်။

သို့သော်လည်း အဆိုပါ အရေအတွက်ကို နိရဉ္စရာသတင်းဌာန အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။ဒ

လက်ရှိတွင် သင်တန်းလည်းပြီးဆုံးသွားပြီဖြစ်ကာ အိမ်ကိုလည်း မပြန်နိုင်သဖြင့် ဆရာ ဆရာမများမှာ စားရေးသောက်ရေးနှင့် နေရေးထိုင်ရေးက အစ အခက်အခဲကြုံနေကြရသည်ဟု သိရသည်။ 

"သင်တန်းက ဟိုနေ့ နိုဝင်ဘာ ၁၂ ရက်ကမှပြီးတာ။ စနစ်သစ်သင်ရိုးသင်တန်း တက်ရောက်ဖို့ လာတာပါ။  အခုလမ်းတွေပိတ်သွားတော့ ပြန်ဖို့ခက်ခဲသွားပြီ" ဟုပြောသည်။

သင်တန်းလာတက်ကြသည့် ဆရာဆရာမများအထဲက နေရပ်ပြန်ရန် အခက်အခဲကြုံနေရသူများမှာ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော စသည့်မြို့နယ်တို့မှ ပါဝင်ကြသည်ဟု ဆိုသည်။

ယခုလို ရခိုင်ပြည်နယ်တွင်း တိုက်ပွဲဖြစ်ပွားပြီး ကုန်စျေးနှုန်းများလည်း အဘက်ဘက်က တက်နေချိန်တွင် မိမိအိမ်သို့ မိမိတို့ အလျင်မြန် ပြန်လိုပြီး စစ်တွေတွင်ဆက်လက်နေထိုင်ပါက အခက်အခဲများ များစွာကြုံတွေ့ရနိုင်သည်ဟု ၎င်းက ပြောဆိုသည်။ 

လက်ရှိတွင် ဆရာ ဆရာမများအနေဖြင့် အိမ်ပြန်နိုင်ရေးအတွက် ပြည်နယ် ပညာရေးဌာန တာဝန်ရှိသူများကို အိမ်ပြန်နိုင်ရေး စီစဉ်ပေးရန် တောင်းဆိုထားသော်လည်း အကြောင်းတစ်စုံတစ်ရာပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။

ကျောင်းဆရာတစ်ဦးကမူ ဆရာ ဆရာမများ အိမ်သို့ ချောမွေ့စွာ ပြန်လည် ရောက်ရှိရေးမှာ စစ်တွေသို့ သင်တန်းတက်ရန် ခေါ်ယူသူ ပညာရေးဌာနမှ လူကြီးများတွင် တာဝန်ရှိ၍ အမြန်ဆုံး စီစဉ်ပေးရန် လိုအပ်ကြောင်း သူ၏ လူမှုကွန်ယက်စာမျက်နာတွင် ရေးသားဖော်ပြထားသည်။  NN-8

ဓာတ်ပုံ- Paing Htoo

 

ဆက်စပ် သတင်းများ