တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

နှစ်ဖက်စစ်ရေးတင်းမာနေသည့် အမ်းမြို့နယ် အလယ်ကျွန်းရွာသားများကို ၁ နာရီအတွင်း ရွာမှထွက်ခိုင်း၍ ရွာလုံးကျွတ် ဘေးလွတ်ရာသို့ ထွက်ပြေးနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.6k

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား နှစ်ဖက် စစ်ရေးတင်းမာနေသည့် အတွက် ၁ နာရီအတွင်း ရွာကို စွန့်ခွာရန် ပြောဆိုလာသဖြင့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ အလယ်ကျွန်းကျေးရွာမှ ရွာသားများသည် ယနေ့  နံနက်မှ စပြီး ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ကျေးရွာသားများက ပြောသည်။

ယနေ့နိုဝင်ဘာလ ၁၅ ရက်၊ မနက် ၉ နာရီဝန်းကျင်တွင် ရွာမှအမြန်ဆုံးထွက်ကြရန် နှစ်ဖက်တပ်ဖွဲ့က အကြောင်းကြားလာသဖြင့် ကျေးရွာသားများမှာ ဒါးလက် သူငယ်ချောင်းဖျားရှိ ကျေးရွာများသို့ထွက်ပြေးနေကြရကြောင်း အလယ်ကျွန်း ကျေးရွာမှ အမျိုးသမီးတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောကြားသည်။

"ရွာကလူတွေ အခုပြေးနေကြရပါတယ်။ ရွာက အမြန်ဆုံးထွက်ခိုင်းလို့လေ။ နှစ်ဘက်စလုံးက ထွက်ခိုင်းတာပါ။ တစ်နာရီအတောအတွင်း ထွက်သွားကြဖို့ ပြောပါတယ်"ဟု အဆိုပါအမျိုးသမီးက ပြောသည်။

ယင်းသို့ ရေးကြီးသုတ်ပျာ ရွာမှထွက်ပြေးလာကြရ၍ ရွာတွင် မသွားလာနိုင်တော့သည့် သက်ကြီးရွယ်အိုရွာများသာ ကျန်ရစ်ခဲ့ကြောင်း သူမက ပြောသည်။

"အခုထွက် အခုထွက်ဆိုပြီး  အမိန့်ပေးလာတော့ ရွာထဲမှာတိုက်ပွဲဖြစ်မှာ ကြောက်လို့ ပြေးလာရတာပါ။ ရွာမှာက ကျန်းမာရေးမကောင်းတဲ့ သက်ကြီး ရွယ်အိုတွေဘဲ ကျန်ခဲ့ပါတယ်" ဟု ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေကြရသည့် ကျေးရွာသားများမှာ ဒါးလက်ချောင်း အထက်ပိုင်း ဒါးလက်သူငယ်ချောင်းဖျားဒေသရှိ ပြင်းကုန်း၊လိပ်ကုန်း၊ ဇရပ်ကွင်း၊ ကွင်းဝ၊ ကျောက်ကြီး၊ ညောင်ချောင်းစသည့် ကျေးရွာများသို့ ပြေးနေကြရသည်ဟု သိရသည်။

ဒါးလက်အုပ်စု၊ အလယ်ကျွန်းကျေးရွာသည် အိမ်ခြေ ၂၄၀ ကျော်ရှိသည့် ကျေးရွာ တစ်ရွာ ဖြစ်ကြောင်း သိရသည်။

အလယ်ကျွန်းကျေးရွာတွင် ယမန်နေ့နိုဝင်ဘာလ ၁၄ ရက်၊ ညဉ့် ၁၁ နာရီကျော်တွင် စစ်ကောင်စီ၏ ကဇူကိုင်းဗျူဟာကုန်းက ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပြီး တစ်နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ကျေးရွာသား ၆ ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ရွာသားများကပြောသည်။ (NN-23)

ဆက်စပ် သတင်းများ