ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် စစ်တပ်ကပစ်သတ်၍သေဆုံးသွားသူများ၏ အလောင်းများကိုတစ်ရက်ကြာသည်အထိ ကောက်ယူနိုင်ခြင်းမရှိသေးဟု သတင်းရရှိသည်။
ပေါက်တောမြို့တွင် စစ်တပ်က အနည်းဆုံး ဒေသခံ ရခိုင်လူမျိုးအရပ်သား အယောက် ၂၀ ခန့်ကို ပစ်သတ်ထားသည်ဟု သတင်းထွက်ပေါ်နေကြောင်း၊ ထိုအထဲက သေဆုံးနေသည့် အရပ်သား ၅ ဦး၏ အလောင်းကို လောကထိပ်ပန်ဘုရားအနီး တွေ့ရှိခဲ့၇ကြောင်း အမည်မဖော်လိုသူထွက်ပြေးလွတ်မြောက်လာသည့် ပေါက်တောဒေသခံ တစ်ဦးက ပြောသည်။
" အလောင်းမကောက်၇သေးဘဲ အလောင်း ၅ လောင်းတွေ့ခဲ့ပါတယ်။ ဘုရားတောင်ဘက် အနောက်ဘက် ဇောင်းတန်းမှာလည်း လူ ၄၀ ကျော်လောက် ဖမ်းထားတယ်။ ဖုန်းတွေလည်း အကုန်သိမ်းထားတယ်။ အဲ့ဒီအဖမ်းခံထား၇တဲ့အထဲက အသက်ကြီးအမျိုးသားတစ်ဦး သေသွားတယ်" ဟုဆိုသည်။
အဆိုပါဘုရားအနောက်ဘက်ဇောင်းတန်းတွင်အပြစ်မဲ့ပြည်သူ ၄၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး ယင်းအထဲမှ အမျိုးသားတစ်ဦးကိုလည်းသတ်ပစ်လိုက်ကြောင်း ၎င်းက ပြောသည်။
သေဆုံးသူများ၏နေရပ်နှင့် အမည်များကို အတိအကျမသိရသေးသလို သေဆုံးသူများတွင် အများစုမှာအမျိုးသမီးနှင့် ကလေးငယ်များ ဖြစ်ကြသည်ဟု သိ၇သည်။
သူတို့အထဲတွင် ပေါက်တောမြို့ပေါ် ရပ်ကွက်(၁)မှရေခဲချောင်းရောင်းသည့် မိသားစုတစ်စု ပါဝင်ပြီး ယမန်နေ့ နိုဝင်ဘာ ၁၆ရက်၊ နေ့လယ်ပိုင်းတွင် လောကထိပ်ပန်ဘုရားတောင်တွင်တပ်စွဲထားသည့် စစ်တပ်က သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်းနောက်ထပ် ပေါက်တောဒေသခံ အမျိုးသမီးတစ်ဦးကနိရဉ္စရာကိုပြောသည်။
"မနေ့ကတစ်နေကုန်နီးပါးပစ်တယ်။ မိသားစုတစ်စုက ဘုရားနားမှာ ပုန်းနေတာ။ သူတို့က ရေခဲချောင်းရောင်းတယ်လို့ သိရတယ်။အပစ်ခဏရပ်လို့ အပြင်ထွက်တဲ့ အချိန်မှာ ဘုရားပေါ်က စစ်တပ်က ပစ်သတ်လိုက်တာ"ဟု ပြောသည်။
လက်ရှိတွင် ဘုရားတောင်ပေါ်နှင့်မြို့ထဲတွင် စစ်တပ်က တပ်စွဲထားသည့်အတွက် အဆိုပါ အလောင်းများအားသွားရောက်ကောက်ယူနိုင်ခြင်းမရှိသေးဟုလည်း သိ၇သည်။
ပေါက်တောမြို့တွင်စစ်တပ်က သတ်ဖြတ်လိုက်သူ အယောက် ၂၀ ထက်မနည်းရှိသည်ဟုသတင်းများထွက်ပေါ်နေသော်လည်း နိရဥ္စရာအနေဖြင့် သီးခြားအတည်ပြု၍ မ၇နိုင်သေးပါ။
ပေါက်တောမြို့မရဲစခန်းကိုရက္ခိုင့်တပ်တော်(AA)က ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက်၊ညဥ့်အချိန်တွင် သိမ်းပိုက်ပြီးနောက် ယင်းနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ကရဟတ်ယာဥ်တစ်စီးဖြင့် မြို့ကို လာရောက်ပစ်ခတ်ခဲ့သည်။
ယင်းနောက်နောက်ထပ် စစ်ဇက်ရေယာဥ်နှစ်စီးနှင့်အတူ ရဟတ်ယာဥ်တစ်စီး ထပ်မံလာရောက် ပစ်ခတ်ခဲ့သည်။
ညနေ၃ နာရီကျော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများသည် ပေါက်တောမြို့ကို ဝင်ရောက်လာပြီးထွက်မပြေးနိုင်ဘဲကျန်နေခဲ့သည့်ဒေသခံများကို ယခုကဲ့သို့ ရက်ရက်စက်စက်ပစ်သတ်သွားခြင်း ဖြစ်သည်ဟုဒေသခံများက ပြောဆိုသည်။
ပေါက်တောဒေသခံတစ်ဦးက"အသတ်ခံလိုက်ရလို့ သေသွားတယ်ကြားတယ်။ ဒါပေမယ့် ဒီလို အခြေနေမှာ ဘယ်သူမှ အပြင်မထွက်ရဲကြဘူး။ခုချိန်ထိ အလောင်းကို မကောက်ရသေးပါဘူး။စစ်သားနဲ့ရဲသားတွေ မြို့ထဲမှာအများကြီးပဲ" ဟုပြောသည်။
မြို့ထဲတွင်ပိတ်မိနေသူအများအပြားရှိနေသေးသည့်အတွက်မြို့ထဲကိုဦးတည်ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားမည်ကိုစိုးရိမ်နေ၇ကြောင်း နောက်ထပ် ပေါက်တောမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
"ကိုယ့်အလှည့်ရောက်လာမလားကိုပဲ တွေးပြီး ဘုရားစာရွတ်နေရတယ်။ အခုတော့ သူတို့လာပစ်လည်းပြေးစရာနေရာလည်းမရှိဘူး"ဟု ပြောသည်။
စစ်ကောင်စီထံဖမ်းဆီးခံထားရသူများနှင့် ပတ်သက်ပြီးလည်း နိရဥ္စရာကဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ယခုကိစ္စများနှင့်ပတ်သက်၍ စစ်ကောင်စီ၏ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်သူရ နှင့် ရက္ခိုင့်တပ်တော် ပြောခွင့်ရဦးခိုင်သုခတို့ကိုဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပါ။
ယမန်နေ့ နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက စစ်ကောင်စီရေတပ်စစ်ရေယာဉ် ၃စီးနှင့် စစ်သားအင်အား၁၀၀ကျော် နီးပါးခန့် ပေါက်တောမြို့ကို ရောက်ရှိလာပြီး ညနေ ၃နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင် ၆၀ခန့်က ရွှေပြည်တန်အမြန် ရေယာဉ်ဖြင့် ပေါက်တောမြို့သို့ ထပ်မံ ရောက်ရှိလာကြောင်း သိ၇သည်။
တချို့က မြို့ထဲတွင် နေရာယူထားပြီး တချို့မှာ လောကထိပ်ပန် ဘုရားတွင် တပ်စွဲ နေရာယူထားသည်ဟုဒေသခံများက ပြောသည်။
ရက္ခိုင့်တပ်တော်(AA)က စစ်ကောင်စီတပ်သည်ညနေပိုင်းတွင် ပေါက်တောမြို့အတွင်းသို့ ဝင်ရောက်ကာ အရပ်သားများကိုသတ်ဖြတ်ပြီး ကျူးလွန်သောသူများကို လက်တုံ့ပြန်တိုက်ခိုက် သွားမည်ဟုလည်း ယမန်နေ့ညက ထုတ်ပြန်ထားသည်။ (NN-7/11)