Preview

မင်းပြားမြိုတွင် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မြို့ထဲကို ရမ်းသမ်းပစ်ခတ်၍ သက်ကြီးအမျိုးသားတစ်ဦးသေဆုံး

နိုဝင်ဘာ ၁၈/ ၂၀၂၃ | ကြည့်ရှုသူ :2286
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် စစ်ကောင်စီတပ်ရင်းများကယနေ့ညတွင်လည်း ဆက်လက်ပြီး  မြို့ထဲကို လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်သည့်အပြင် စစ်ကောင်စီတပ်သားအချို့ကလည်း မြို့ထဲကို ဝင်ရောက်ကာ လမ်းပေါ်တွင် လှည့်ပတ်ပြီး နေအိမ်များကို သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက်သက်ကြီးပိုင်း အမျိုးသားတစ်ဦးသေဆုံးကြောင်းသိ၇သည်။

သေဆုံးသူမှာ မင်းပြားမြို့ကျောင်းတက်လမ်းရပ်ကွက်မှ ဦးဝင်းမောင်သိန်း ဖခင် ဖြစ်ကြောင်း သိ၇သည်။

"သက်ကြီးပိုင်းတစ်ယောက် ဆုံးတယ်။ ကျန်တာတော့မသိရသေးဘူး။ ကိုဝင်းမောင်သိန်း အဖေ ဆုံးသွားတာပါ။ ကျနော်တို့လည်း စိတ်မကောင်းဖြစ်၇ပါတယ်။ ပြည်သူတွေကို တမင်ပစ်ခတ် သတ်ဖြတ်နေတာပါ"ဟု မြို့ခံတစ်ဦးက ပြောသည်။

ယနေ့ နိုဝင်ဘာ ၁၆ ရက် ည ၈ နာရီမှ ၈ နာရီခွဲခန့်အထိ စစ်ကောင်စီတပ်သားများက မြို့ကိုလှည့်ပစ်ကာ ပစ်ခတ်ခဲ့သလို မင်းပြားမြို့ ကျိန်းတောင်ပတ်လည်ရှိ (၃၇၉)၊ (၅၄၁) နှင့် (၃၈၀) တပ်ရင်းတို့မှ လက်နက်ကြီးများဖြင့် လူနေ မြို့ပေါ်၊ ကျေးရွာများကို ၉ နာရီခန့်အထိ ပစ်ခတ်နေဆဲဖြစ်ကြောင်း မြို့ခံများက နိရဉ္စရာသို့ ပြောသည်။

"၈ နာရီကနေ လက်နက်ငယ် စပစ်တာပါ။ သေနတ်သံတွေ ရာမောင်ဘက်က ကျနော်တို့ စကြားရတယ်။ နောက် လက်နက်ကြီး သံတွေပါကြားလာ၇တယ်"ဟု  မြို့ခံတစ်ဦးက ည ၉နာရီက ပြောသည်။

မင်းပြား မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အလယ်ပိုင်းရပ်ကွက်နှင့် ဦးစိုးတင့် ရပ်ကွက်တို့ရှိ လူနေအိမ်များကို လက်နက်ကြီးကျရောက်ခဲ့ကြောင်းကနဦး သိ၇သည်။

"အလယ်ပိုင်းရပ်ကွက်က ကျနော့ယောက္ခမအိမ်မှာ လက်နက်ကြီးတစ်လုံးကျပါသေးတယ်။ မိသားစုတွေ မရှိလို့ ဘာမှတော့မဖြစ်လိုက်ပါဘူး"ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ည ပစ်ခတ်မှုအတွင်း လူတစ်ဦးသေဆုံးပြီး ကျန်လူများ ထိခိုက်သေဆုံးမှု  ရှိ/ မရှိ  ဆက်လက်စုံစမ်းနေဆဲဖြစ်ပါသည်။

၇ခိုင်တွင် စစ်ကောင်စီတပ်သည် စစ်ပွဲစဖြစ်သည့် နိုဝင်ဘာ ၁၃ ရက်မှစကာ မင်းပြားအပါအဝင် တခြားမြို့များတွင်လည်း ညတိုင်းလိုလို ကျချင်ရာကျ ထိချင်ရထိ သဘောဖြင့် လက်နက်ကြီးများ ဦးတည်ရာမဲ့ ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

ယင်းသို့ပစ်ခတ်မှုကြောင့် လူထိခိုက်သေဆုံးမှုများလည်းနေ့စဥ်ရှိနေကြောင်း သိ၇သည်။

"ညတိုင်းကောင်းကောင်းမအိပ်ရပါဘူး။ ကျမတို့မှာ ဘယ်နေရာကဘယ်လိုပစ်မလဲဘဲ စောင့်ကြည့်နေရပါတယ်။ ထိခိုက်သူကထိခိုက် ၊ သေတဲ့သူကသေ၊ ကျန်တဲ့လူတွေလည်း အိပ်ရေးပျက်ပြီး ကျန်းမာရေးတွေလည်း ထိခိုက်နေပါပြီ"ဟု မင်းပြားမှ အမျိုးသမီးတစ်ဦးက ပြောသည်။

အပြစ်မဲ့ အရပ်သားပြည်သူကို ပြစ်မှတ်ထားကာ တိုက်ခိုက်နေမှုသည် စစ်ကောင်စီအနေနှင့် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေခြင်းဖြစ်ကြောင်း ရခိုင်နိုင်ငံရေးသမားများနှင့် လူမှုရေး လှုပ်ရှားသူများက ပြောသည်။ (NN-7)

#စစ်တပ်#မင်းပြားမြို့
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.