ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

ရခိုင်ကျောင်းသားခေါင်းဆောင်ဟောင်း ကိုခိုင်ဆန်းအောင်ဖခင် ရဟန်းဝတ်ဖြင့် လက်နက်ကြီး ကျည်ထိမှန်ပြီး ပျံလွန်တော်မူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 987

ရခိုင်ကျောင်းသားခေါင်းဆောင်ဟောင်းလည်းဖြစ်၊ ABSDF (ရခိုင်စစ်ဒေသ) ဥက္ကဋ္ဌဟောင်းလည်းဖြစ်သော ကိုခိုင်ဆန်းအောင်ဖခင် ဦးဩဘာသ (သက်တော် ၇၆)နှစ်သည် စစ်ကောင်စီတပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည်စ ထိမှန်၍ ပေါက်တောမြို့တွင် ပျံလွန်တော်မူသွားကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၊ စန္ဒာရာမကျောင်းတိုက်တွင် သီတင်းသုံနေစဉ် နိုဝင်ဘာ ၁၅ ရက် ညနေ ၅ နာရီခန့်က လက်နက်ကြီးကျည်စ ထိမှန်ပြီး ပျံလွန်တော်မူသွားခဲ့သည်ဟု  ကိုခိုင်ဆန်းအောင်က နိရဉ္စရာသတင်းဌာသို့ အတည်ပြု ပြောဆိုသည်။

“ နိုဝင်ဘာ ၁၆ ရက် ညနေ  ၅ နာရီ ပတ်ဝန်းကျင်လောက်မှာ လောကထိပ်ပန်ဘုရားအောက်နားက ဆရာတော်စန္ဒသီရိ တည်ဆောက်နေတဲ့ တရားရိပ်သာမှာ နေထိုင်နေစဉ်  ကျွန်တော့်ဖခင် ကိုယ်တော်ကြီး လက်နက်ကြီးကျည်ဆံအပိုင်းအစ ထိမှန်ခဲ့ပါတယ်။ အနားမှာက အဖော်ကိုယ်တော်ကြီး တစ်ပါးဘဲ ရှိနေပြီး ဘယ်လိုမှ ဆေးကုသဖို့ အခွင့်အရေးမရတဲ့ အတွက် သွေးအိုင်ထဲမှာ ညဉ်းတွားရင်းနဲ့ နောက်တစ်နေ့ မနက်  ညဉ့် ၂ နာရီမှာ ပျံလွန်တော် မူသွားခဲ့ပါတယ်”ဟု ပြောသည်။

ကိုယ်တော်ကြီးအား စစ်ကောင်စီတပ် ခွင့်ပြုချက်ဖြင့်  နိုဝင်ဘာ ၁၇ ရက် ညနေ ၄ နာရီတွင်  သရဏာဂုံတင်ပြီး ၅ နာရီခန့် အချိန်၌  ပေါက်တောသုဿန်တွင် မီးသင်းဂြိုလ်လိုက်ပြီဟု သိရသည်။

“  စန္ဒာရာမကျောင်းတိုက် ဆရာတော် ဦးစန္ဒသီရိက ကျွန်တော်ရဲ့ ညီပါ။ ဆရာတော်က  ခုလို ကျွန်တော်ဖခင် ပျံလွန်သွားတာကို မြို့နယ်ထွေအုပ်ကို အကြောင်းကြားပါတယ်။ ထွေအုပ်က စစ်ကောင်စီတပ်ကို အကြောင်းကြားတော့ သူတို့ ခွင့်ပြုတဲ့ အတွက် ဆရာတော် ဦးစန္ဒသီရိက ဦးဆောင်ပြီး  မနေ့ညက မီးသဂြိုလ်လိုက်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ပေါက်တောမြို့တွင် စစ်တပ်က ပစ်ခတ်၍ သေဆုံးမှုတချို့ရှိနေပြီး ဒေသခံအများစုမှာ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် သေဆုံးသူမည်မျှ ရှိသည်ကို အတိအကျ မသိရှိသေးဟု လူမှုရေး လှုပ်ရှားနေသူ တစ်ဦးက ပြောသည်။

နိုဝင်ဘာ ၁၇ ရက်နေ့က လက်နက်ကြီး ကျည်စထိမှန်သေဆုံးခဲ့သည့် ကိုယ်တော်ကြီး ဦးဩဘာသ၊ စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် အငြိမ်းဆရာမကြီး ဒေါ်စောမြ၊ အငြိမ်းစားဆရာမ ဒေါ်မကျော့သိန်းနှင့် နောက်ထပ် အမျိုးသား နှစ်ဦး၊ စုစုပေါင်း ၅ ဦးကို သ​ဂြိုလ်ခဲ့သည်ဟု ၎င်းက ပြောကြားသည်။

ဆက်စပ် သတင်းများ