တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

AA က တောင်ကုတ်မြို့ထဲဝင်ရောက် တိုက်ခိုက်မည်ကို စိုးရိမ်၍ ချောင်းကူးတံတား၃ စင်းကို စစ်ကောင်စီက ဖြိုဖျက်ခိုင်း


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၈ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.9k

ရက္ခိုင့်တပ်တော်(AA) တောင်ကုတ်မြို့ထဲထိ ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် ဒေသခံပြည်သူများ အသုံးပြုနေသည့် တောင်ကုတ်မြို့ပေါ်နှင့် ကျေးရွာတချို့သို့ ဆက်သွယ်ထားသည့် ချောင်းကူးတံတား ၃ စင်းကို စစ်ကောင်စီတပ်က ဖြိုဖျက်ရန် အမိန့်ပေးထားသည်ဟု  သတင်းရရှိသည်။

ယမန်နေ့နိုဝင်ဘာလ ၁၇ ရက်ကလည်း ကိုင်းရှည်ရပ်ကွက်မှ တောင်ကုတ်မြို့မစျေးကြီးအနီးသို့​ချိတ်ဆက်ထိုးထားသည့် ဝါးတံတားကိုလည်း စစ်ကောင်စီတပ်က အတင်းဖြိုခိုင်းသည့်အတွက် ဖြိုဖျက်ပေးလိုက်ရပြီဟု တောင်ကုတ်မြို့ခံ လူမှုတက်ကြွလှုပ်ရှားသူလူငယ်တစ်ဦးက ပြောသည်။

"ကိုင်းရှည်ဝါးတံတားကတော့ မနေ့ကပဲဖြိုပေးလိုက်ရပြီ။ စစ်တပ်ကဖြိုပေးရမယ်ဆိုပြီးအမိန့်ပေးလို့ ဖြိုပေးလိုက်ရတာပါ။ အခုတံတားမရှိတော့ဘူး" ဟု ပြောသည်။

၎င်းပြင် တောင်ရွာကျေးရွာနှင့် တောင်ကုတ်မြို့ဘက်ကမ်း မှိုဟင်းတောကျေးရွာကို ချိတ်ဆက် ထားသည့် တံတား၊ သလိန်ပြင်ကျေးရွာနှင့် တောင်ကုတ်မြို့ဘက်ကမ်း ဝက်ကျိပ်ကျေးရွာသို့ ချိတ်ဆက်ထားသည့် တံတားများကို ယနေ့နိုဝင်ဘာလ ၁၈ ရက်၊ ညနေ ၄ နာရီတွင် အပြီး ဖြိုဖျက်ခိုင်းထားကြောင်း ဒေသခံများက နိရဉ္စရာသို့ပြောသည်။



တောင်ကုတ်ဒေသခံလူငယ်တစ်ဦး "တံတားတွေကို စစ်တပ်ကဖြိုခိုင်းနေတယ်။ သလိန်ပြင်တံတားနဲ့ တောင်ရွာတံတားကို ညနေပိုင်းမှာ ဖြိုခိုင်းထားပါတယ်" ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။

အဆိုပါကျေးရွာချင်းဆက်တံတားများမှာ ယခင်က စည်ပင်အဖွဲ့ထံမှ ကန်ထရိုက်ဆွဲ၍ လုပ်ကိုင်ခဲ့သည့် တံတားများဖြစ်သော်လည်း ယခုနောက်ပိုင်းတွင် လုပ်ကိုင်လိုသူက ကျေးရွာရန်ပုံငွေ ကျပ်သိန်း ၅၀ ထည့်ဝင်၍ တည်ဆောက် လုပ်ကိုင်နေကြောင်း ကျေးရွာသားများက ပြောသည်။

ယခုဖြိုဖျက်ပေးရမည့် တံတားတစ်စင်း၏ သစ်ဝါးအပါအဝင်၊ တည်ဆောက်စရိတ်မှာ ကျပ်သိန်း ၂၅၀ ခန့်ရှိသော်လည်း လုပ်ငန်းရှင်များအတွက်နစ်နာကြေးပေးရန် စစ်ကောင်စီကပြောဆိုခြင်းမရှိသဖြင့် လုပ်ငန်းပိုင်ရှင်များ အနေဖြင့် နစ်နာနိုင်သည်ဟု ဆိုသည်။

ယခုကဲ့သို့စစ်ကောင်စီက ကျေးရွာတချို့နှင့်မြို့ပေါ်သို့ချိတ်ဆက်ထားသည့်တံတားများကို ဖြိုဖျက်ခိုင်းနေသည်မှာ ရက္ခိုင့်တပ်တော်(AA)က မြို့ထဲဝင်ရောက်တိုက်ခိုက်လာမည်ကို စိုးရိမ်၍ဖြစ်နိုင်ကြောင်း သူကဆက်ပြောသည်။

"အခု ရက္ခိုင့်တပ်တော်ကလည်း စခန်းသိမ်းတိုက်ပွဲတွေလုပ်လာတယ်ဆိုတော့ သူတို့လည်း စိုးရိမ်လို့နေမှာပေါ့။ ကျေးရွာချင်းဆက်တံတားတွေကနေ တောင်ကုတ်ကို  ဝင်ရောက်တိုက်ခိုက်လာမှာကိုလေ။ သူတို့စိုးရိမ်လို့ ဖြစ်မှာပေါ့" ဟု ပြောသည်။



ရခိုင်တိုက်ပွဲစတင်သည့် နိုဝင်ဘာလ ၁၃ ရက်ညနေပိုင်းကပင် တန်းလွဲရွာမမြို့ရဲစခန်းနှင့် လမူးစံပြတိုက်နယ်ရဲစခန်းမှရဲတပ်ဖွဲ့ဝင်များမှာ ရက္ခိုင့်တပ်တော် (AA) က စီးနင်းတိုက်ခိုက်မည်စိုး၍ စခန်းများကိုလက်လွှတ်၍ မြို့ပေါ်သို့ထွက်ပြေးသွားကြောင်း ဒေသခံများက ပြောသည်။

ယင်းသို့တိုက်ပွဲဖြစ်ပွားမှုပင်မရှိသေးဘဲ ရဲစခန်းနှစ်ခုထိလက်လွှတ်ထားရသည့် စစ်ကောင်စီသည် တောင်ကုတ်မြို့အနီးတဝိုက်ရှိ စစ်ရေးဗျူဟာအရ အပေါ်စီးကျသည့် ပန်းမြောက်တောင်၊ ဇီးကိုင်းတောင်၊ ဘုရားကိုးဆူတောင်ကုန်းစသည့် မြို့ပတ်လည်တောင်တန်းများတွင် စစ်အင်အား အခိုင်အမာဖြန့်ကြက်ထားကြောင်း မြို့ခံများကပြောသည်။

ယင်းအပြင် ရခိုင်မြို့နယ်များတွင် စခန်းသိမ်းတိုက်ပွဲများစတင်ချိန်၌ တောင်ကုတ်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် အရပ်သား ၁၀ ကျော်ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးထားသည်ဟု ဖမ်းဆီးခံရသူများ၏မိသားစုဝင်များနှင့် မြို့ခံများက​ပြောသည်။

တောင်ကုတ်မြို့နယ်တွင်လည်း နှစ်ဘက်စစ်ရေးတင်မာမှုများရှိနေ၍ တိုက်ပွဲအချိန်မရွေး ဖြစ်လာနိုင်သည့်အတွက် စစ်ကောင်စီတပ်ရင်းနှင့်နီးစပ်သည့် ရပ်ကွက်တချို့တွင် ဗုံးခိုကျင်းများ တူးနေကြပြီဟုလည်း နိရဥ္စရာက စုံစမ်းသိရှိရသည်။ (NN-23)

ဆက်စပ် သတင်းများ