Preview

ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး မြန်မာစစ်တပ်က ရဟတ်ယာဉ်များဖြင့်တိုက်ခိုက်နေ၍ ဒေသခံပြည်သူ ထောင်ချီထွက်ပြေးနေရ

နိုဝင်ဘာ ၁၉/ ၂၀၂၃ | ကြည့်ရှုသူ :4270
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော်( AA)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး  စစ်ကောင်စီ လေတပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေ၍အနီးအနားရှိ ကျေးရွာ (၆)ရွာမှ လူပေါင်းထောင်ချီထွက်ပြေးနေရကြောင်း သတင်းရရှိသည်။

ရက္ခိုင့်တပ်တော် (AA)သည်ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းမှ  နယ်ခြားစောင့်စခန်း၃ ခုဖြစ်သည့် ခထီးလှနယ်ခြားစောင့်စခန်း၊ ကျွန်းပေါက်နယ်ခြားစောင့်စခန်းနှင့်တောင်ဘဇားနယ်ခြား စောင့်စခန်းတို့ကို နိုဝင်ဘာ၁၈ ရက် နံနက် ၈ နာရီလောက်ကတည်းက တိုက်ခိုက်နေကြောင်း ဒေသအတွင်းရှိ သတင်းရင်းမြစ်များကပြောဆိုသည်။

ဘူးသီးတောင်မှဒေသခံတစ်ဦးက " မနေ့ကမနက်၈နာရီခွဲတည်းက စခန်း ၃ ခုကို အေအေကဝင်တိုက်နေတာ။ အပြန်အလှန်တိုက်ပွဲဖြစ်နေတာ ဒီနေ့ထိပါဘဲ"ဟု  နိရဉ္စရာသတင်းဌာနကိုပြောသည်။

ယနေ့ နိုဝင်ဘာ ၁၉ရက် နံနက်၁၀နာရီခွဲဝန်းကျင်လောက်ကတည်းက စစ်ကောင်စီလေတပ်က ခထီးလှကျေးရွာ အနီးတစ်ဝိုက်ကိုစက်သေနတ်များဖြင့် အဆက်မပြတ် ပစ်ခတ်ကာ ဗုံးကြဲ တိုက်ခိုက်နေကြောင်းနောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။

" ညကလည်းတိုက်ပွဲ ရပ်လိုက်ဖြစ်လိုက်နဲ့တိုက်ပွဲပြင်းထန်တယ်။ဒီနေ့လည်းဆက်ဖြစ်နေတယ်။ စစ်ရဟတ်ယာဉ်တွေနဲ့လည်းဗုံးကြဲ တိုက်ခိုက်နေပါတယ်”ဟု ပြောသည်။

ထိုသို့ စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်နေသဖြင့် ခထီးလှကျေးရွာ အပါအဝင်ကျွန်းပေါက်၊ တောင်ကြီးရင်း၊ ပန်းဖဲချောင်း၊ ဇီးတောင်၊ ရွာသာယာစသည့် ရွာပေါင်း (၆)ရွာခန့်က လူပေါင်းထောင်နှင့်ချီပြီး ဘေးလွတ်ရာကို ထွက်ပြေးနေရကြောင်း၎င်းက ဆက်ပြောသည်။

" တစ်ချို့ဆိုမြို့ပေါ် ပြေးလို့မရလို့တောင်ကြိုတောင်ကြားမှာပုန်းနေရတယ်။ မနေ့ကတည်းက။ အရေးပေါ်ကယ်ဆယ်ရေးတွေလုပ်ပြီးကယ်ထုတ်ဖို့တော့ လိုနေပါတယ်"ဟု ပြောသည်။

ယခုတိုက်ပွဲသတင်းနှင့် ပတ်သက်ပြီး ရက္ခိုင်တပ်တော် ပြောခွင့်၇သူ ဦးခိုင်သုခအား ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါသည်။

ရက္ခိုင်တပ်တော်သည် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ၊လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်နေသည့်ကြားမှ  နိုဝင်ဘာလ(၁ရ) ရက်၊ နေ့လယ် (၁) နာရီအချိန်တွင် မောင်တောမြောက်ပိုင်း ဒုံးညိုနယ်ခြားစောင့်စခန်းကို အပြီးသတ်သိမ်းပိုက်ခဲ့သည်။ 

၎င်းစခန်းသိမ်းတိုက်ပွဲမှ သုံ့ပန်း (၁၈) ဦးအား လက်နက်အလက်(၄၀)၊  စစ်အသုံးအဆောင်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်သည်။ (NN-11) 

#ဘူးသီးတောင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.