Preview

စစ်တွေ မေယုဓမ္မစက္ခု ပရဟိတစစ်ဘေးရှောင်စခန်းကို မြန်မာစစ်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်မွှေနှောက်ပြီး စစ်ဘေးရှောင် ၃ ဦးကိုဖမ်းဆီးသွား

နိုဝင်ဘာ ၁၉/ ၂၀၂၃ | ကြည့်ရှုသူ :2207
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မေယုဓမ္မစက္ခုပရဟိတစစ်ရှောင်စခန်းကိုမြန်မာစစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက် မွှေနှောက်ပြီး စစ်ဘေးရှောင် ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခံရသူများမှာ စစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့် ဆရာတော်နှင့်ယောက်ဖတော်စပ်သူ ဦးကျော်သန်းစိန်(၅၉)နှစ်၊ ဦးတင်မောင်(၆၂)နှစ်နှင့် ဦးကျော်ဝင်းချေ(၄၂)တို့ဖြစ်ကြောင်း သိရသည်။

ကျောင်းထိုင်ဆရာတော်က  "စစ်သားတွေ စခန်းကို အပြင်က ဝိုင်းထားတယ်။ အထဲကို အယောက် ၃၀ ဝင်လာပြီး ဆရာတော်ကို လူဦးရေစာရင်းမေးတယ်။ ကျောင်းပေါ်တက်ပြီး အခန်းတွေကိုမွှေနှောက် ရှာဖွေတယ်။ သူတို့က လူငယ်တွေကို လာရှာတာပြောတယ်။ သူတို့လာတော့ ကလေးတွေကထွက်ပြေးတော့။ စခန်းထဲက လူသုံးယောက်ကို ဖမ်းသွားတယ်။ စခန်းမှူးက မနက်ကျရင်လာတွေ့ပြောခဲ့တယ်။ မနက်ကျ ဦးဇင်သွားတွေ့တော့ မရှိဘူးပြောတယ်" ဟုပြောသည်။ နိရဉ္စရာကို မိန့်သည်။

ဖမ်းဆီးသွားပြီးနောက်တစ်နေ့  နိုဝင်ဘာ ၁၉ ရက်နေ့တွင် စခန်းမှူးပြောဆိုခဲ့သည့်အတိုင်းဆရာတော်က စစ်တွေ အမှတ်(၁) ရဲစခန်းသို့ သွားရောက်မေးမြန်းခဲ့ရာ ၎င်းဖမ်းဆီးခေါ်ဆောင်သွားသူ၃ ဦးမှာ စခန်းတွင် မရှိကြောင်း ပြောဆိုသည်ဟု သိ၇သည်။


၎င်းပရဟိတ ဘုန်းတော်ကြီးကျောင်းသည် စစ်တွေမြို့၊ မင်းဂံရပ်ကွက် အကွက်(၁၀)တွင် တည်ရှိပြီး  ယမန်နေ့ နိုဝင်ဘာ ၁၈ ရက်၊ ည ၁၀ နာရီကျော်ခန့်က စစ်ကောင်စီတပ်အင်အား၁၀၀ ခန့်က ဘုန်းတော်ကြီးကျောင်းကို အပြင်က ဝိုင်းထားပြီး အင်အား  ၃၀ ခန့်က ကျောင်းထဲကို ဝင်ရောက် လာခဲ့သည်ဟုသိ၇သည်။

စစ်သားများသည် စစ်ဘေးရှောင်စခန်း၏နံရံများကိုကန်ကျောက်ပြီး အကြမ်းဖက်ဖမ်းယူသွားသည့်အတွက် ကြောက်လန့်စိုးရိမ်ခဲ့ရသည်ဟု ဖမ်းဆီးခံရသူ ဦးတင်မောင်၏ဇနီးဖြစ်သူက နိရဉ္စရာကိုပြောသည်။

"အခန်းနံရံတွေကို ဖိနပ်တွေကန်ကျောက်ပြီး ထွက်ခဲ့ဆိုပြီးပြောတယ်။ မထွက်ရင်သတ်မယ်ပြောတယ်။ ပြီးရင် ကျမယောကျာ်းကိုဖမ်းသွားတယ်။ ကျမတစ်ညလုံး အိပ်မပျော်ဘူး။ ကျမသားအကြီးကောင်ကိုမေးတယ်။ သူမရှိတော့ အဖေကိုခေါ်သွားတာ"ဟု ပြောသည်။

ယင်းအပြင် ဖမ်းဆီးသွားသည့်အထဲမှ ဦးကျော်ဝင်းချေမှာ ကျန်းမာရေးမကောင်းသူဖြစ်သဖြင့် ဇနီးမှာစိုးရိမ်နေသည်ဟုပြောသည်။

"သူက ကျန်းမာရေးမကောင်းတဲ့သူပါ။ တစ်ကိုယ်လုံးဖောရောင်နေတာ။ ခုလိုအပြစ်မရှိဘဲ ဖမ်းသွားတဲ့အတွက် ကျမရင်ထဲ အရမ်းခံစားရတယ်" ဟုပြောသည်။

သူတို့သုံးဦးကိုဖမ်းဆီးစဉ်က အဆိုပါစစ်ရှောင်စခန်းရှေ့တွင် ရဲကားတစ်စီးအပါအဝင် စစ်ကား ၈ စီးရပ်ထားပြီး စစ်သားအင်အား ၁၀၀ ကျော်က ကျောင်းပြင်ပတွင် ဝိုင်းထားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယခုကိစ္စများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

မေယုဓမ္မစက္ခုပရဟိတစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု(၂၂)စုရှိပြီး လူဦးရေ ၈၇ ဦးရှိကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း စစ်တွေမြို့သို့ စစ်ကောင်စီ၏တပ်ဖွဲ့ဝင်များ ခပ်စိပ်စိပ်ဝင်ရောက်မှုများရှိလာပြီး မင်းဂံရပ်ကွက်တစ်ချို့တွင် ညအချိန် ဧည့်စာရင်းများစစ်ဆေးလျက်ရှိသည်ဟု သိ၇သည်။

နိုဝင်ဘာ ၁၃ ရက်မှ  ယနေ့အချိန်အထိ စစ်တွေတွင် ဖမ်းဆီးခံရသူ လူဦးရေ ၃၀ ထက်မနည်းရှိနေပြီဟု သိ၇သည်။

ရခိုင်တပြည်လုံးတွင် မြန်မာစစ်တပ်က ဖမ်းဆီးသွားသူ အရပ်သား၁၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း  UNOCHAက ယခုလ ၁၇ ရက်နေ့က  ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-  စစ်ဘေးရှောင်စခန်းနှင့် မြန်မာစစ်ကောင်စီ စစ်တပ်တပ်ဖွဲ့ဝင်များကို စစ်တွေတွင်တွေ့၇စဉ်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.