တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မင်းပြားမြို့ခံအများစုကို AA အဖွဲ့ဝင်များဟု ရခိုင်ပြည်နယ်စစ်ကောင်စီစွပ်စွဲ မင်းပြားဆေးရုံကို အေအေကပစ်ခတ်ဟု လိမ်လည်သတင်းထုတ်ပြန်


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၉ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 511

ရခိုင်ပြည်နယ်စစ်ကောင်စီက မင်းပြားမြို့ခံအများစုကို ရက္ခိုင့်တပ်တော် (AA) အဖွဲ့ဝင်များဟု စွပ်စွဲလိုက်ပြီး လက်နက်ကြီးကျည်ကျ၍ အဆောက်အဦ အချို့ပျက်စီးခဲ့ရသည့် မင်းပြားဆေးရုံကို အေအေက ပစ်ခတ်သည်ဟု လိမ်လည်သတင်းထုတ်ပြန်သည်။

ယနေ့ နိုဝင်ဘာ ၁၉ ရက်နေ့စွဲဖြင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သူတို့၏ ပို့စ်မှ တစ်ဆင့် ယနေ့သတင်းထုတ်ပြန်ရာတွင် ထိုကဲ့သို့ ဖော်ပြထားသည်။

မင်းပြားမြို့မှာ လူဦးရေ ၄ သောင်း ၈ ထောင်ကနေ ၅သောင်းအထိ နေထိုင်ကြပါတယ်။ အဲ့ဒီထဲမှာ လူဦးရေ အများစုက အေအေအဖွဲ့ဝင်တွေပါ  မြို့ကိုဝင်ပြီးတော့ မိမိတို့တပ်က နယ်မြေ ရှင်းလင်ရေးတွေ လုပ်မယ်ဆိုတော့ AA အမာခံတွေ အကြောက်အကန် ထွက်ပြေး နေကြပါတယ် ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်နေ့က မိမိတို့ ခမရ တပ်ရင်းကိုလက်နက်ကြီးဖြင့် ရမ်းသန်း ပစ်ခတ်မှုကြောင့် မင်းပြားမြို့ပေါ်ရပ်ကွက်အချို့နှင့် မင်းပြားဆေးရုံတွင် ကျရောက်ခဲ့သည်။ ရှမ်းမြောက် ဘက်သို့ တပ်အင်အားချိနဲ့စေရန် ရည်ရွယ်ပြီးပေးအပ်သော ရန်ပုံငွေအားရယူကာ

ရခိုင်စစ်မီးတောက်လောင်ရန် ရည်ရွယ်ချက်ရှိရှိအမိန့်နာခံ မူဖြစ်သည် စသဖြင့် ရေးသား ဖော်ပြထားသည်။

 

အဆိုပါ ရေးသားထားမှုနှင့် ပတ်သက်ပြီး မင်းပြားမြို့မှ သက်ကြီးပိုင်းအမျိုးသား တစ်ဦးကို ဆက်သွယ်မေးမြန်းရာ မြန်မာစစ်တပ်ကမြို့ထဲဝင်ရောက်ပြီး ပစ်ခတ်သတ်ဖြတ်မည်ကို စိုးရိမ်၍ ပြည်သူများ မြို့လုံးကျွတ်ထွက်ပြေးရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

 

" ခုကိုယ့်အိမ်ကိုယ်ရာ၊ ပစ္စည်းတွေကိုထားခဲ့ပြီးပြေးလာရတာ။ စ်တပ်က ညအချိန် ရပ်ကွက်တွေထဲက အိမ်တွေကို ပစ်တယ်။ တိုက်ပွဲဖြစ်တာမဟုတ်ဘဲ အဲဒီလိုရမ်းသန်းပစ်နေတာလေ။ ပေါက်တောမြို့မှာလို မြို့ထဲဝင်ပြီး ပြည်သူတွေကို ပစ်သတ်တာမျိုးလုပ်မှာကြောက်လို့ပါ" ဟု ပြောသည်။

 

မင်းပြားမြို့ခံပြည်သူများမှာ စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုအန္တရာယ်နှင့် နယ်မြေရှင်းလင်းရေး ခေါင်းစဥ်တပ်၍အရပ်သားများကိုပစ်ခတ်သတ်ဖြတ်မှုအန္တရာယ်တို့ကိုစိုးရိမ်ကြောက်လန့်၍နိုဝင်ဘာလ ၁၇ ရက်မှစတင်၍ မြို့ပေါ်မှထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်ပြီး ယနေ့နိုဝင်ဘာလ ၁၉ ရက်တွင် မြို့တွင်းလူမရှိသလောက်နည်းပါးသွားပြီဟုမြို့ခံတစ်ဦးကနိရဥ္စရာသို့ပြောသည်။

 

ရခိုင်တွင် တိုက်ပွဲစတင်ခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့ကနေစပြီး ကျိန်းတောင်ပတ်လည်တွင် တပ်စွဲထားသည့် ခမရ (၃၇၉) (၅၄၁) နှင့် (၃၈၀) တပ်ရင်များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မင်းပြားမြို့ပေါ် လူနေ ရပ်ကွက်များ အပါအဝင် ကျေးရွာများကို နေ့စဉ် ညအချိန်  ပစ်ခတ်နေကြောင်း သိရသည်။

 

နိုဝင်ဘာ ၁၇ ရက် နာရီ လောက်က စစ်ကောင်စီ တပ်သားများသည် မင်းပြားမြို့ထဲကို လှည့်လည်ပြီး သေနတ်များဖြင့် ပစ်ခဲ့သလို လူနေအိမ်များ၊ အစိုးရအဆောက်အဦများ အပါအဝင် ဆေးရုံကိုလည်း ပစ်ခတ်ခဲ့သည်ဟု မြို့ခံများက  ပြောသည်။

 

မင်းပြားမှာ ဘယ် အေအေကမှ လာလို့ ပစ်တာမရှိဘူး။ ဗမာစစ်တပ်က တစ်ဖက်သတ် ပစ်ခတ်နေတာပါ။ မင်းပြားဆေးရုံလည်း သူတို့ ပစ်တာပါ။ အဲဒါ ကလေးငယ်တွေအစ လူကြီးထိ  တစ်မြို့လုံးသိပါတယ်။ မင်းပြားတစ်မြို့လုံးကို အေအေလို့ စွပ်စွဲတာက လူတွေကို သူတို့ သတ်ချင်တဲ့ အချိန် သတ်လို့ရအောင် ခေါင်းစဉ်တပ်တာပါ။ အဲဒီ ရခိုင်ပြည်နယ် အစိုးရထဲမှာ ရှိနေတဲ့ ရခိုင်ဝန်ကြီးတွေ ကိုယ်တိုင်လည်း သိပါတယ်။ သူတို့လည်း အလိုတူ အလိုပါ သတင်းမှားတွေကို ထုတ်ပြန်နေတာပါဟု ပြောဆိုသည်။

 

နိုဝင်ဘာ ၁၉ ရက် ည ၉ နာရီခန့်က မင်းပြားမြို့ရှိစစ်ကောင်စီတပ်ရင်းများမှ မင်းပြားမြို့ ပြည်သူ့ဆေးရုံသို့ လက်နက်ကြီးပစ်ခတ်ခဲ့၍ ဆေးရုံခွဲခန်းကိုကျရောက်ပေါက်ကွဲခဲ့ကာ ပျက်စီးသွားခဲ့သည်ဟု မြို့ခံများကပြောသည်။

 

နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ခဲ့သည့် ရခိုင်တိုက်ပွဲကာလ ရက်တာကာလအတွင်း စစ်ကောင်စီ တပ်သည် အရပ်သားများနေထိုင်သည်မြို့နှင့်ကျေးရွာများသို့ဦးတည်၍ လက်နက်ကြီး ပစ်ခတ်မှု၊ ရဟတ်ယာဥ်၊  စစ်ရေယာဥ်များဖြင့် ပစ်ခတ်မှု၊ ထွက်မပြေးနိုင်သည့် အရပ်သားများကို ပစ်ခတ်သတ်ဖြတ်မှုစသည့် စစ်ရာဇဝတ်မှုများကို ဆက်တိုက် ကျူးလွန်လျက်ရှိနေကြောင်း ရခိုင်လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ပြောသည်။(NN-23)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!