တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်တောင်ဘက်အစွန်ဆုံးဂွမြို့နယ်တွင် ရဲစခန်း ၃ခုနှင့် စစ်ဆေးရေးဂိတ်တစ်ခုကိုရုပ်သိမ်း


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၀ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.8k

(ပင်လယ်ပြင်ငါးဖမ်းခွင့်ကို တားမြစ်ထားပြီး ခရီးသွားလာခွင့်ကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ပင်ထား၍ ဒေသခံလူထု စားဝတ်နေရေး အခက်အခဲရှိနေ)

ရခိုင်ပြည်နယ်တောင်ဘက်အစွန်ဆုံးဂွမြို့နယ်တွင် ရဲစခန်း ၃ခုနှင့် ဌာနပေါင်းစုံ စစ်ဆေးရေး ဂိတ်တစ်ခုကို ရုပ်သိမ်းထားသည့်အပြင် စစ်ကောင်စီက ပင်လယ်ပြင် ငါးဖမ်းခွင့်ကိုလည်း တားမြစ်ခြင်း၊ ခရီးသွားလာခွင့်ကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ပင်ခြင်းတို့ကို ပြုလုပ်ထား၍  လက်လုပ်လက်စား ဒေသခံလူထုအနေဖြင့်  စားဝတ်နေရေး အခက်အခဲရှိနေသည်ဟု သတင်းရရှိသည်။


ရုပ်သိမ်းသွားသော ရဲစခန်း ၃ ခုမှာ ဆပ်သွားရဲစခန်း၊ ကမ်းသာယာရဲစခန်းနှင့် ရတနာမြိုင်ရဲစခန်းတို့ ဖြစ်ကြပြီး နောက်ထပ်ရုပ်သိမ်းသွားသည့် ဌာနပေါင်းစုံဂိတ်မှာ ရခိုင်ပြည်နယ် ဂွမြို့နယ်နှင့် ဧရာ၀တီတိုင်း ငသိုင်းချောင်းအကြား ဆက်သွယ်ထားသည့် ကားလမ်းပေါ်ရှိ ဒေါင်းချောင်း စစ်ဆေးရေးဂိတ်ဖြစ်ကြောင်း သိရသည်။

 

ရခိုင်ပြည်နယ် မြောက်ဘက်ပိုင်းမှာ တိုက်ပွဲဖြစ်ကတည်းက အဲဒီစခန်းတွေကို ရုပ်သိမ်းသွားတာဗျ။ ဆပ်သွားရဲစခန်းနဲ့ ကမ်းသာယာရဲစခန်းက ဂွမြို့ပေါ် ရဲစခန်းကို သွားရောက် ပူးပေါင်းပြီး ရတနာမြိုင်ရဲစခန်းက ကျိန္တလီမြို့ ရဲစခန်းမှာသွားပေါင်းတယ်လို့ ကြားသိရပါတယ်ဟု ပြောသည်။

 

ဒေါင်းချောင်းဌာနပေါင်းစုံ စစ်ဆေးရေးဂိတ်မှာ ယခင်က ဂွမြို့အထွက် (၂၄) မိုင်တွင်တည်ရှိသော်လည်း လက်ရှိတွင် ၎င်းစခန်းကို ရုပ်သိမ်းပြီး မြို့ထွက်၀သို့ ပြန်လည် ပြောင်းရွှေ့ထားသည်ဟု သိရသည်။

 

 အရပ်သားတွေက ဘယ်သိနိုင်မလဲနော်။ သူတို့ စခန်းက ဆုတ်သွားတာကို။  အေအေတို့၊ ပီဒီအက်ဖ်တို့ ဝင်တိုက်မှာကို ကြောက်လို့ ဖြစ်မှာပေါ့။ အခု ခရီးသည်တင်ကားတွေလည်း ပေးမထွက်တော့ အကုန်လုံးခြောက်ကပ်နေတယ်လေဟု ၎င်းက ဆက်ပြောသည်။

 

၎င်းပြင် စစ်ကောင်စီသည် ရန်ကုန်သို့ ပြေးဆွဲနေသည့် ခရီးသည်ဘတ်စ်ကားများကို သာမက ဒေသအတွင်း သွားလာနေသည့် ခရီးသည်တင်ကားငယ်များကိုလည်း ပြေးဆွဲခွင့်မပြုဘဲ တားမြစ်ထားသည်ဟု သိရသည်။    

 

ဂွမြို့နယ်မှ ရေလုပ်သားများကို ပင်လယ်ပြင်သို့ သွားရောက်ငါးဖမ်းခွင့်ကို တားမြစ်ထားပြီး ဂွချောင်း၀တွင် နေဗီတစ်စီးကို အစောင့်ချထားသည်ဟု ဒေသခံများက ပြောကြားသည်။

 

ဂွမြို့နယ်တွင် တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိသလို လက်ရှိတိုက်ပွဲဖြစ်နေသော နေရာများနှင့်လည်း လွန်စွာဝေးကွာသဖြင့် ယခုလို ကားလမ်းများကို ပိတ်ထားခြင်း၊ ပင်လယ်ပြင်တွင် ငါးဖမ်းခွင့်ကို ပိတ်ပင်ထားခြင်းတို့မှာ ဒေသခံလူထုကို ဒုက္ခ မရောက် ရောက်အောင်ပြုလုပ်နေသည်နှင့် တူနေသည်ဟု ဂွမြို့ခံ အရပ်သားတစ်ဦးက ဝေဖန်ပြောဆိုသည်။

 

စစ်ကောင်စီသည် ရခိုင်ပြည်နယ် တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်တွင်သာမက ရခိုင်ပြည်နယ်နှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် ဧရာ၀တီတိုင်းဘက်မှ မြို့နယ် အချို့တွင်လည်း လုံခြုံရေးတိုးမြှင့်ပြီး ကင်းပုန်းဝပ်ခြင်းများ​နေ့စဉ်လိုလို ရှိနေသည်ဟု သတင်းရရှိသည်။ (NN-30)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!