တနင်္လာ၊ မေလ ၁၃ရက်၊ ၂၀၂၄

ပေါက်တောမြို့တွင် လူပေါင်း ၁၀၀ ကျော်ကို စစ်ကောင်စီက နေရာသုံးခုတွင်ထိန်းသိမ်းထား


  • ရေးသူ: Web Master (NN 11,NN 30)
  • | ရက်စွဲ: ၂၀ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.5k

(မြန်မာစစ်တပ်က လူသားဒိုင်ကာအဖြစ် အသုံးပြုထားပုံရဟုဆို)

ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် စစ်တပ်က လူပေါင်း ၁၀၀ ကျော်ကို ထိန်းသိမ်းထားပြီး နေရာသုံးခုတွင် ပိတ်လှောင်ထားကာ လူသားဒိုင်းကာအဖြစ် အသုံးပြုထားပုံရသည်ဟု ဒေသခံများက ပြောဆိုသည်။

ပေါက်တောမြို့မှ လူမှုရေး လှုပ်ရှားဆောင်ရွက်နေသူ တစ်ဦးက “  ကျွန်တော်တို့ကြားတာ လူပေါင်း ၁၀၀ ကျော်လောက်ကို နေရာ ၃ ခုမှာ ထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။ လူဦးရေ အတိအကျကို မသိနိုင်သေးပါဘူး။ ၁၀၀ ကျော်လောက် ရှိတယ်လို့တော့ ခန့်မှန်းရပါတယ်။ တချို့ကလည်း ၂၀၀ လောက်တောင် ရှိတယ်လို့ ပြောကြပါတယ်” ဟု ပြောသည်။

၎င်းအရပ်သားပြည်သူများကို လောကထိပ်ပန်ဘုရား၊ စိုက်ပျိုရေးဂိုဒေါင်နှင့် မီးသတ်ရုံးတို့တွင် ထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

ယင်းအပြင် ပေါက်တောမြို့တွင် မိသားစုနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူများလည်း ရှိနေကြောင်း သိရသည်။

ပေါက်တောမြို့တွင် နိုဝင်ဘာ ၁၆ ရက်နေ့ကတည်းက  ဖမ်းဆီးခံထားရသည့်ဆရာမများနှင့် အဆက်အသွယ်မရသည့် အတွက် မိသားစုဝင်များစိုးရိမ်နေသည်ဟု ပြောဆိုသည်။

" အဲဒီနေ့ နေ့လယ်  ၂ နာရီခွဲလောက်က ဖုန်းအဆက်အသွယ်ရခဲ့တယ်။ စိတ်မပူနဲ့ လောကထိပ်ပန်ကို ရောက်နေပြီလို့ ပြောပါတယ်။ အဲ့ဒီနောက်မှာ ပစ်နေကြတော့ ဖုန်းမဆက်ဘူး။ ညနေ ၅ နာရီလောက်မှ ထပ်ဖုန်းဆက်ကြည့်တော့ ယောက်ျားတစ်ယောက်ကိုင်တယ်။ သူတို့ကို ထိန်းသိမ်းထားတယ်လို့ ပြောပြီဖုန်းချသွားတယ် " ဟု ပြောသည်။

ဖမ်းဆီးခံထားရသူများတွင် အငြိမ်းစားဆရာမများ၊ အထက်တန်းပြ နှင့် အလယ်တန်းပြဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ‌ဒေခံပြည်သူများလည်း ပါဝင်ကြောင်းသိရသည်။

ထိုသို့ဖမ်းဆီးခံရသူများအား မိသားစုများအနေဖြင့်လည်း ၅ ရက်ကြာသည့်တိုင်အောင် အဆက်အသွယ်တစ်စုံတစ်ရာ မရရှိသည့်အတွက် အလွန်တရာစိုးရိမ်နေကြဟု မိသားစုဝင်တစ်ဦးက ပြောသည်။

" ဖမ်းထားတဲ့‌နေ့ကနေ  ဒီနေ့အထိ ဘာတစ်ခုမှ အဆက်အသွယ်မရဘူး။ သူတို့တွေဘယ်လိုရှိနေလဲ အဆင်ပြေလား၊ တစ်ခုခုသိချင်ပါတယ်။  ဖုန်းကလည်းစက်ပိတ်။ အကုန်လုံးကို စိတ်ပူပါတယ်။ ပြန်လွှတ်‌ပေးစေချင်ပါတယ် " ဟုပြောသည်။

ပေါက်တောမြို့တွင် စစ်ကောင်စီအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသည့် အထဲတွင် ပညာရေးမှူး အငြိမ်းစား ၁ ဦးအပါအဝင် ကျောင်းဆရာမ ၄ ဦးနှင့် ၎င်းတို့၏ သားသမီး ၂ ဦးလည်းပါဝင်ကြောင်း AB News  တွင် သတင်းဖော်ပြသည်။

၎င်းတို့မှာ အငြိမ်းစားပညာရေးမှူး ဒေါ်မတင်ညွန့် အသက် ၅၀နှစ်၊ အထက်တန်းပြဆရာမ ဒေါ်မလှခင် အသက် ၆၀ နှစ်၊ ဆရာမ ဒေါ်မလှခင်၏ သမီးဖြစ်သူ တက္ကသိုလ် တတိယနှစ်ကျောင်းသူ မစုငြိမ်းလှိုင်၊  အထက်တန်းပြဆရာမ ဒေါ်သိန်းသိန်းဦး (၄၄) နှစ်၊  ဆရာမ ဒေါ်သိန်းသိန်းဦး၏ သားဖြစ်သူ မောင်စိုးရဲထက်နှင့်  အငြိမ်းစားဆရာမ ဒေါ်မအုန်းခင် (၄၉)  နှစ်တို့ဖြစ်ကြသည်ဟု ဖော်ပြထားသည်။ 

နိရဉ္စရာ သတင်းဌာန အနေဖြင့် စစ်တပ်က ပေါက်တော ဒေသခံများအား ပိတ်လှောင် ဖမ်းဆီးထားသည့် နေရာ ၃ ခုနှင့်ပတ်သက်ပြီး အတည်ပြုနိုင်သော်လည်း ဖမ်းဆီးခံထားရသည့် လူအရေအတွက်ကိုမူ အတိအကျ လက်ရှိ အချိန်ထိ အတည်ပြုနိုင်ခြင်းမရှိသေးပါ။ 

လက်ရှိတွင် ပေါက်တောမြို့၌ စစ်ကောင်စီဘက်မှ စစ်အင်အားများ ၂၀၀ ကျော်နှင့် ရဲအင်အား ၆၀ ခန့်ဖြည့်တင်းထားပြီး စစ်ရေးအခြေအနေလည်းတင်းမာနေသဖြင့် ထိန်းသိမ်းခံထားရသူများအတွက် အထူးစိုးရိမ်မှုများ ပေါ်ပေါက်နေကြောင်း သိရသည်။

ပေါက်တောတွင် အရပ်သားများအား သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဟု အေအေကလည်း ထုတ်ပြန်ထားသည်။ သို့အတွက် စစ်ကောင်စီတပ်သည် ယခု ပေါက်တောဒေသခံများကို  ထိန်းသိမ်းထားခြင်းမှာ အေအေဝင်တိုက်မည်ကို စိုးရိမ်၍ လူသားဒိုင်ကာအဖြစ် အသုံးပြုထားသည်ဟု လည်း ပြောဆိုကြသည်။ ( NN 11 and NN 30) 

ပုံစာ- စစ်ကောင်စီတပ်သားများ​နေရာယူထားသည့် လောကထိပ်ပန်ဘုရားကိုတွေ့ရစဉ် (ပုံဟောင်း) (Photo- Myanmar National Post)



ဆက်စပ် သတင်းများ