စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ရခိုင်တွင် LGBT များအား ခွဲခြားဆက်ဆံမှုများ လျော့နည်းလာသော်လည်း ပူးပေါင်းကူညီဆောင်ရွက်မှုများ အလွန်အားနည်းနေကြောင်း LGBT အသိုင်းအဝိုင်းက ဆို


  • ရေးသူ: Web Master (NN 09)
  • | ရက်စွဲ: ၂၀ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 420

ရခိုင်တွင် ယခင်က ခွဲခြားဆက်ဆံခံနေခဲ့ရသည့် LGBT (လိင်ခံယူမှုကွဲပြားသူ)များသည် ယခုတွင် ခွဲခြားဆက်ဆံမှုများ‌ လျော့နည်းလာသော်လည်း ပူးပေါင်းကူညီဆောင်ရွက်မှုများ အလွန်အားနေသေးကြောင်း LGBT အရေးတက်ကြွလှုပ်ရှားနေသူများက ပြောသည်။

ဂျန်ဒါထဲတွင် ပါနေသော LGBT အုပ်စုသည် ဂျန်ဒါသင်တန်းများတွင် ယေဘုယျအားဖြင့် ပထမဆုံးသင်တန်းမိတ်ဆက်မှု အခန်းကဏ္ဍ နှင့်သာ ကျေနပ်နေရကြောင်း LGBT အရေးတက်ကြွလှုပ်ရှားနေသူ လူငယ်တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

"ရခိုင်ဘက်က လူမှုအဖွဲ့တွေ၊ လူငယ်အဖွဲ့တွေ၊ CSO တွေနဲ့ တခြားတွေက LGBT အရေးနဲ့ ပတ်သက်လာလို့ရှိရင် မေ့မေ့လျော့လျော့ဖြစ်နေကြတယ်လို့ ကျနော်မြင်တယ်ပေါ့နော်။ ဂျန်ဒါနဲ့ပတ်သက်လို့ သင်ရိုးတွေ လုပ်ကြတယ်။ ဂျန်ဒါနဲ့ ပတ်သက်လို့ ပေါ်လစီတွေ ဆွဲကြတယ်။ သင်တန်းတွေ ပေးကြတယ်။ ဂျန်ဒါနဲ့ ပတ်သက်လို့ သင်တန်းပေးတဲ့အခါမှာလည်း LGBT ရဲ့ ဖြစ်တည်မှုဟာ ဥပမာ sex(လိင်) အရ ကျားရယ်၊ မရယ် ခွဲခြားလိုက်တယ်။ ဂျန်ဒါသင်ခန်းစာမှာ LGBT အုပ်စုက အခြားမှာပဲ ကျန်ခဲ့တယ်ပေါ့နော်။ ထပ်ပြီးတော့ သင်တန်းတောက်လျှောက်တွေမှာ ကျားရယ်၊ မရယ်ကိုပဲ ဆွဲခေါ်သွားတယ်။ ပထမမိတ်ဆက်တဲ့အခါ ယေဘုယျအားဖြင့် အခြားအုပ်စုကို မိတ်ဆက်ပေးပြီးတော့ နောက်ဆက်တွဲမှာတော့ ကျားနဲ့ မ ကိုပဲ တွေ့ရတာများပါတယ်။ အားလုံးကို မဆိုလိုပါဘူး"ဟု ပြောသည်။

ရခိုင်တွင် LGBT အရေးဟုဆိုလျှင် ၎င်းတို့အုပ်စုတစ်ခု သီးသန့်ပြေးမြင်သကဲ့သို့ LGBT များအတွက် သီးသန့်အခွင့်အရေးများရလိုမှုဖြင့် လုပ်ဆောင်နေခြင်းမဟုတ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

"LGBT အရေးလို့ ပြောလိုက်တာနဲ့ LGBT အုပ်စုသီးသန့်ပဲဆိုပြီး ပြေးမြင်သွားတဲ့ လူတွေ ရှိသေးတယ်ပေါ့။ ကျနော်တို့ LGBT အရေးလို့ ပြောလိုက်တာနဲ့ အဲဒီအုပ်စုတစ်ခုတဲ့အတွက်မဟုတ်ပါဘူး။ LGBT အရေးကို သီးသန့်အခွင့်အရေးရစေချင်လို့ လုပ်တဲ့ အရေးမဟုတ်ဘူး။ ကျားဖြစ်တည်မှုသော်လည်း မဖြစ်တည်မှုသော်လည်း LGBT ဖြစ်တည်မှုသော်လည်း လူဖြစ်တည်မှုအပေါ်အခြေခံထားတဲ့အတွက် လူသားတန်းတူ၊ လူဂုဏ်သိက္ခာတန်းတူ ရရှိစေရေးကို ရယူပေးတာမျိုးမဟုတ်ဘူး။ တိုက်တွန်းအရေးဆိုပေးတဲ့ ခြေလှမ်းတွေသာဖြစ်ပါတယ်" ဟု ပြောသည်။

လက်ရှိရခိုင်ပြည်တွင် LGBT နှင့် ပတ်သက်၍ ယခင်နှင့်နှိုင်းယှဉ်လျှင် လက်ခံမှုများ တိုးလာကြောင်း အသက် ၄၀ ကျော်အရွယ် စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

"အခုနဲ့ယခင်နှိုင်းယှဉ်ရရင် အခုက ဘာမှ ဂရုမစိုက်ကြတော့ဘူး။ ကိုယ့်ကို အေးဆေးဖြစ်နေကြပြီလို့ မြင်တယ်။ အရင်တုန်းကဆိုရင် မိန်းမပုံစံဝတ်လို့ လမ်းမှာ သွားလို့ မြင်ရင် ရယ်ကြတယ်။ လှောင်ကြတာပေါ့။ အခုလည်း အများကြီး ဝတ်ပြီးသွားလာလှုပ်ရှားနေကြတာပဲ။ သူတို့လည်း လူသားတစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ လူသားတစ်ယောက်လို့ ဂုဏ်သိက္ခာရှိရှိနေဖို့တော့လိုလိမ်မယ်။ အွန်းလိုင်းပေါ်မှာ  မောင်နှင့်နှမ၊ သားနှင့်အမိ မကြားဝံ့တဲ့ စကားတွေပြောနေပြီး ငါ့တို့ဖြစ်တည်မှုကို လက်ခံပေးပါလို့ လုပ်နေလို့တော့ မရဘူး" ဟု ပြောသည်။

ယင်းအပြင် လွန်ခဲ့သည့် အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်တွင် LGBT အရေးသည် ယခင်ထက် ရှေ့တန်းပိုမိုရောက်သွားသည့် အုပ်စုတစ်ခုဖြစ်ကြောင်းဆက်ပြောသည်။

ဂျန်ဒါထဲမှာ LGBT အုပ်စုသည်လည်း ပါဝင်နေခြင်းအား သီးသန့်ပြောနေရခြင်း မလိုအပ်သည်အထိ အသိပညာပေးမှုများ များစွာလုပ်ရန် လိုအပ်ကြောင်း ရခိုင့်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စောစံငြိမ်းသူက နိရဉ္စရာသို့ ပြောသည်။

"LGBT ဆိုတာကို သီးသန့်ခေါင်းစဉ်တပ်စရာမလိုအောင်။ ဂျန်ဒါထဲမှာ LGBT လည်းပါတယ်ဆိုတာကို မမေ့မလျော့ဘဲနဲ့ ထည့်သွင်းပြီး အသိပညာပေးမှုတွေ အများကြီး လုပ်ဖို့ လိုပါတယ်။ ဘယ်ကဏ္ဍမှာမဆို လူသားချင်းဆိုင်ရာတွေကို လုပ်တဲ့အခါ LGBT တွေကို ထည့်သွင်းစဉ်းစားပေးတယ်လို့ မြင်ပါတယ်။ အဓိက LGBT တွေလည်း လူသားတွေဖြစ်ပါတယ်။ လူသားဖြစ်မှုအပေါ်မှာ လူသားတစ်ယောက်အနေနဲ့ လူသားတစ်ယောက် ရယူခံစားပိုင်ခွင့်ရှိတဲ့ အခွင့်အရေးတွေကို ခံစားနိုင်ဖို့အတွက် အားလုံးက လေးစားတန်ဖိုးထား အသိအမှတ်ပြုဖို့လိုတယ်လို့ ပြောချင်ပါတယ်" ဟု ပြောသည်။

လက်ရှိတွင် အထူးသဖြင့် အစဉ်အလာနှင့် ရိုးရာဓလေ့များကြီးမားသည့် ရခိုင်ဒေသ၌ အနောက်နိုင်ငံများမှာတောင် လက်ခံဖို့ ခက်ခဲနေဆဲဖြစ်သည့် LGBT အရေးအား ပို၍ ကျယ်ကျယ်ပြန့်ပြန့် လူထုနားလည်လက်ခံတတ်လာရန်နှင့် တရားဝင်ဖြစ်လာအောင်လုပ်ရန် ၎င်းအသိုင်းအဝိုင်းအတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်ဟု LGBT အသိုင်းအဝိုင်းက ဆိုသည်။

ဆက်စပ် သတင်းများ