စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ရခိုင်လူထုကို စုံလင်ကွဲပြားသည့် လိင်စိတ်ခံယူချက်ရှိသူ (LGBTQIA+) များအကြောင်း ကျားမရေးရာအသိပညာပေးလုပ်ငန်းများလုပ်ဆောင်ရန် လိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 524

ရခိုင်ပြည်နယ်တွင် LGBT များအပေါ် လူထုများလက်ခံလာအောင် LGBT အရေး အသိပညာပေးများ ‌ဆောင်ရွက်မှုများ ပြုလုပ်ခွင့်ရရှိရန်လိုအပ်နေသည်ဟု LGBT အသိုင်းအဝိုင်းမှ ပြောကြသည်။

ရခိုင်ရှိ LGBT များအနေဖြင့် ဝတ်စားဆင်ယင် နေထိုင်မှုအပိုင်းများတွင် LGBT မဟုတ်သည့် လူထုများ၏ စနောက်ခံရမှုကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြောင့် ကန့်သတ်မှု တစ်စုံတစ်ရာ ရှိ‌နေကြသည်ဟု LGBT တစ်ဦးဖြစ်သည့် ကိုကျော်ကျော်လင်းက ပြောသည်။

"လုပ်ငန်းခွင်တွေမှာ ခွဲခြားဆက်ဆံတာမျိုးတွေ ကြုံဖူးပါတယ်။ အကိုဟာ ယောက်ျားလား။ မိန်းမလား။ မေးတာမျိုးတွေရှိပါတယ်။ ရုံးမှာ ပျော်ပွဲရွှင်ပွဲတွေမှာလည်း လွန်ဆွဲပွဲတွေလုပ်တယ်။ ယောက်ျားဘက်ကဆွဲမလား။ မိန်းမဘက်ကဆွဲမလားပေါ့။ စနောက်ကြပေမဲ့ တစ်ခါတစ်လေတော့ ကိုယ့်စိတ်ထဲမှာ ခွဲခြားဆက်ဆံခံရတယ်လို့ ခံစားရတယ်" ဟု ပြောသည်။

လှုမှုအသိုင်းအဝိုင်းတွင် ကျားမလိင်စိတ်ခံယူချက်များအပြင် စုံလင်ကွဲပြားသည့် လိင်စိတ်ခံယူချက်များရှိနေသေးတယ် ဆိုတာကို ပြည်သူတွေ အားလုံးသိနားလည်ဖို့ အရေးကြီးပါတယ်။   LGBT များ၏ တစ်ဦးချင်းစီတိုင်းမှာ တာဝန်ရှိသလို LGBT မဟုတ်သည့် သူများတွင်လည်း ပထမဆုံးအနေနဲ့ လူကို လူလို့မြင်တတ်အောင် လူတွေရဲ့ဖြစ်တည်မှုကို လက်ခံတတ်ပြီး ခွဲခြားမှုမရှိအောင် ဖြည်းဖြည်းခြင်းလုပ်‌ဆောင်သွားရန်လိုအပ်‌ကြောင်း LGBT အရေးတက်ကြွစွာလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

" LGBT တွေရဲ့ အခွင့်အရေးက လူ့အခွင့်အရေးပါပေါ့နော်။ LGBT တစ်ယောက်ချင်းစီတိုင်းမှာလည်း ကိုယ့်ရဲ့ဖြစ်တည်မှုကို ဂုဏ်ယူလက်ခံပြီးတော့ မပြောအပ်တဲ့စကားကို မပြောဘဲ။ မလုပ်အပ်တဲ့စကားကို မလုပ်ဖို့နဲ့ လူမှုအသိုင်းအဝိုင်းကြားမှာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီးတော့ ကိုယ့်ဖြစ်တည်မှုကို ဂုဏ်ယူပြီးတော့ ကိုယ့်ကိုယ်ကို မြှင့်တင်ဖို့ လိုပါတယ်" ဟုပြောသည်။ 

LGBT များအပေါ်ခွဲခြားဆက်ဆံမှုများ လျော့နည်းလာအောင် အဓိက အာဏာပိုင်များအနေဖြင့် တာဝန်ရှိသလို လူ့အခွင့်အ‌ရေးနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများတွင်လည်း တောက်လျှောက်တာဝန်ရှိနေသည်ဟုလည်း ထင်မြင်ယူဆမိ‌ကြောင်း သူကဆက်ပြောသည်။

"Gender အခြေပြုပြီးလုပ်နေကြတဲ့ အဖွဲ့အစည်းတွေ ကျားမတန်းတူ ညီမျှရေးနဲ့ အမျိုးသမီးစွမ်းဆောင်ရည် မြင့်တင်ရေးကို မျှော်မှန်းပြီး ရည်ရွယ်လုပ်နေကြတဲ့ အဖွဲ့အစည်းတွေဆိုလို့ရှိရင် ဒီလိုမျိုး အကြောင်းအရာတွေကို ယူသွားပြီး ပြည်သူလူထုဆီကို ရောက်အောင် တွန်းပို့နိုင်မယ်ဆိုရင် ပိုပြီးအကြမ်းဘက်မှုတွေနဲ့ ခွဲခြားမှုတွေ နည်းလာမှာပေါ့နော် " ဟုပြောသည်။

ထိုသို့လိုအပ်ချက်များကို အဆိုပါအဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းမပါဝင်ဘူးဆိုပါက ပြည်သူလူထုလည်း ထိုအကြောင်းအရာကို မသိနိုင်သလို တရားဥပဒေကလည်း ဖြေရှင်းနိုင်ရန် မသိနိုင်‌ကြောင်း LGBT အသိုင်းအဝိုင်းများက ပြောကြသည်။ 

ထို့အပြင် အကြမ်းဖက်ခံရသည့် LGBT အပေါ်များကိုလည်း ပြည်သူလူထုများအနေဖြင့် ပံ့ပိုးမှုများမရှိသလောက်နည်းပါးသလို ဥပဒေအထောက်အကူပိုင်းဆိုင်ရာ အဖွဲ့အစည်းတွေကလည်း သူတို့ဘက်ကိုကျရောက်လာသည့်အမှုတွဲများကိုလည်း ကူညီကောင်း ကူညီနိုင်ပေမဲ့ လွမ်းခြုံ၍ပြောရလျှင် ပံ့ပိုးမှုအပိုင်းတွင် အလွန်တရာအားနည်းနေသေးကြောင်းလည်း ၎င်းတို့ကပြောကြသည်။

LGBT အရေးတက်ကြွလုပ်ရှားသူများအနေဖြင့် LGBT နှင့်သက်ဆိုင်သည့် အသိပညာပေး ပွဲအခန်းအနား‌နှင့် ကမ်ပိန်းစသည်များ လုပ်ဆောင်ရန် ရည်ရွယ်ထား‌ကြသည်။

သို့သော်လည်း ရခိုင်ပြည်နယ် စစ်‌တွေမြို့တွင် လက်ရှိစစ်ကောင်စီမှ သီတင်းကျွတ်ပြီးနောက်ပိုင်း တရားဝင်စာထုတ်ပြန်ပြီး အဖွဲ့အစည်းများအား စစ်ဆေးသည့်အပြင် ဟိုတယ်နှင့် ခန်းမတို့တွင်လည်း စစ်ကောင်စီ၏ ခွင့်ပြုချက်ရရှိမှသာ ဖိနှိပ်မှုနှင့် တခြားကန့်သတ်မှုများကြောင့် လက်ရှိလုပ်ဆောင်မည့် LGBT အရေးကိုဆောင်ရွက်ရန် အလွန်တရာအခက်အခဲဖြစ်နေရသည်ဟုလည်း ၎င်းတို့ကပြောသည်။


ဆက်စပ် သတင်းများ