တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်နေရပ်စွန့်ခွာတိမ်းရှောင်သူများတွင် ဆေးဝါးနှင့် စားနပ်ရိက္ခာခက်ခဲနေ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၀ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 929

ရခိုင်ပြည်နယ်တွင် စစ်ကောင်က လူနေကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များကို လက်နက်များဖြင့် ရမ်းသန်း ပစ်ခတ်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူများတွင် ဆေးဝါးနှင့် စားနပ်ရိက္ခာ ခက်ခဲနေကြသည်ဟု သိရသည်။

ရခိုင်တွင်တိုက်ပွဲစတင်ခဲ့သည့် နိုဝင်ဘာ ၁၃ ရက်မှစတင်ကာ မင်းပြားမြို့ရှိ ကျိန်းတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ည ၆ နာရီကျော်လျှင် ညစဥ်ညတိုင်း တစ်ဖက်သတ် ပစ်ခတ်လေ့ရှိသောကြောင့် မြို့ပေါ်ရှိ လူများမှာ ဘေးလွတ်နိုင်မည့်နေရာသို့ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု မင်းပြားမြို့ခံတစ်ဦးက နိရဥ္စရာကိုပြောသည်။

ညစဥ်ညတိုင်းပစ်တော့ မြို့ပေါ်မှာတောင်လူသိပ်မရှိတော့ဘူး။ အသက်ဘေးလွတ်ဖို့ ရှောင်တိမ်းရတာပါပဲ” ဟုပြောသည်။

မင်းပြားမြို့ပေါ်က ဒေသခံများသာမက ကျေးရွာတချို့မှာလည်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရပြီး လမ်းများပိတ်ထားသည့်အတွက် ဆေးဝါးများပါပြတ်လပ်နေသည်ဟု ဖလောင်းပြင်ကျေးရွာသားတစ်ဦးက နိရဥ္စရာကိုပြောသည်။

မြို့ပေါ်မှာလူတွေလည်း မရှိသလောက်ပဲ။ကျနော်တို့ရွာနဲ့တခြားရွာတွေလည်း တိုက်ပွဲရှောင်ကုန်ပြီ။ လမ်းတွေလည်း ပိတ်ထားတယ်။ ခုဆို မြို့ပေါ်ကလူတွေ ဆိုင်တွေပိတ်ထားကြပြီ။ ဆေးတွေလည်း ဝယ်လို့မရတော့ဘူး။ ရှိတဲ့ဆန်တောင် တစ်နပ်ပဲ စားရမယ့်အနေထားရောက်နေပြီ”ဟုပြောသည်။

ယင်းအပြင် လက်ရှိရက္ခိုင့်တပ်တော်(AA)နှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်ပွားနေသည့် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင်လည်း ထောင်နှင့်ချီသည့်ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အလားတူ ရသေ့တောင်မြို့နယ်တွင်လည်း နေဗီမှသော်လည်းကောင်း၊ စစ်ကောင်စီ၏ ၅၃၆၊ ၅၃၇၊ ၅၃၈ တပ်များမှ လက်နက်ကြီးများ မကြာခဏပစ်ခတ်သောကြောင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများရှိနေသဖြင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။


စစ်ကောင်စီ၏ လက်နက်ပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရပြီး စားသောက်နေထိုင်ရေးခက်ခဲနေကာ ဆေးဝါးများပါဝယ်ရခက်နေသည်ဟု ရသေ့တောင်မြို့ပေါ်မှ ထွက်ပြေးတိမ်းရှောင်နေသူ အမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။

 

"လက်နက်နဲ့ပစ်တဲ့နေ့ကတည်းက ထွက်ပြေးလာတာ။ မြို့ပေါ်မှာဆို လူတွေသိပ်မရှိတော့ဘူးကြားတယ်။ သူများရွာတွေမှာ ရှောင်ရတော့ စားသောက်ရတာအဆင်မပြေဘူး။ နေမကောင်းတော့ ဆေးဝယ်ရတာလည်းခက်ခဲတယ်။ ထမင်းတစ်လုပ်စားရဖို့တောင်အနိုင်နိုင်ပါ"ဟုပြောသည်။

ပေါက်တောမြို့နယ်တွင်လည်း လူဦးရေ ၁၉၀၀၀ ခန့် အများဆုံးထွက်ပြေးနေရကြောင်း
 ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA)က နိုဝင်ဘာ ၁၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ 

 

အပစ်ရပ်သဘောတူညီမှုကျိုးပေါက်ပြီး နိုဝင်ဘာ ၁၃ ရက်တွင်စတင်ခဲ့တဲ့  ရခိုင်တကျော့ပြန်တိုက်ပွဲ အတွင်း ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင် မြို့နယ်များမှ လူဦးရေ ၂၆,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ယင်းအထဲတွင် ပေါက်တောမြို့နယ်မှ အများဆုံးဖြစ်သည်ဟု UNOCHA က ထုတ်ပြန်ထားသည်။

 

တိုက်ပွဲ စတင် ဖြစ်ပွားခဲ့တဲ့  နိုဝင်ဘာ ၁၃ ရက်ကစပြီး သေဆုံးသူ ၁၁ ဦးနှင့် ဖမ်းဆီးခံထားရသူ ၁၀၀ ကျော် ရှိပြီဟုလည်း (UNOCHA)က ထုတ်ပြန်ထားသည်။ (NN-11)

ဓာတ်ပုံ - ပေးပို့

 

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!