တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တွေမြို့အဝင် အမြင့်ကျွန်းကျေးရွာအနီး မိုင်းပေါက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 4.5k

ကျေးရွာသားများ ရွာလုံးကျွတ်ထွက်ပြေးသွားပြီးနောက် ၎င်းရွာတွင် စစ်ကောင်စီတပ် အင်အားအများအပြား နေရာယူထား(မိုင်းပေါက်ကွဲသံကျယ်လောင်စွာကြားရပြီး မြေကြီးပါ တုန်ခါသွားဟုဆို)

စစ်တွေမြို့အဝင် အမြင့်ကျွန်းကျေးရွာအနီးတွင် ယနေ့ ညနေ ၆ နာရီအချိန်ခန့်က မိုင်းပေါက်ကွဲသံတစ်ချက်ကို ကျယ်လောင်စွာ ကြားခဲ့ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

 

“အသံကျယ်တာမှာ မြေကြီးပါ တုန်ခါသွားတယ်။ စစ်ကားတစ်စီးနဲ့ အပြာရောင် တစ်စီးလာတဲ့အချိန်မှာ ပေါက်ကွဲတာ။ အသံက မြည်လိုက်တာ။ မိုင်းက အကျယ်ကြီး ပွင့်ထွက်သွားပြီး အသံက အရမ်းကျယ်ကျယ်ကြားရတယ်။ စစ်ကားတွေ မိုင်းခွဲခံရတယ်လို့တော့ ကြားရပါတယ်” ဟု ပြောသည်။

 

လက်ရှိ အမြင့်ကျွန်းကျေးရွာတွင် ရွာသားများအားလုံး ဘေးလွတ်ရာကို ထွက်ပြေးသွားကြပြီဖြစ်သဖြင့် လူမရှိတော့ကြောင်း၊  ၎င်းကျေးရွာတွင် စစ်တပ်အင်အား အလုံးအရင်းဖြင့် အင်အား ဖြည့်တင်းထားကြောင်း ပြောကြားသည်။

 

အမြင့်ကျွန်းကျေးရွာအနီးတွင် မင်းချောင်းတံတားရှိပြီး ၎င်းတံတားသည် စစ်တွေမြို့သို့ ဝင်ရောက်သည့် တံတားဖြစ်ကာ တံတားထိပ်နှင့်  အမြင့်ကျွန်းရွာတွင် စစ်သားအများအပြား နေရာယူလျက်ရှိသည်ဟု ဆိုသည်။  

 

“လက်ရှိအမြင့်ကျွန်းမှာ ရွာသားတွေ တစ်ယောက်မှ မရှိတော့ဘူး။ အကုန်ထွက်ပြေးသွားကြပြီ။ စစ်သားတွေကို အလုံးအရင်းနဲ့ တံတားနဲ့ ရွာထဲမှာ ချထားတယ်လို့ သိရပါတယ်” ဟု ဆိုသည်။

 

စစ်ရေးလေ့လာသုံးသပ်သူ တစ်ဦးက အမြင့်ကျွန်းကျေးရွာမှာ စစ်တွေသို့ ဝင်ရောက်ရာ တစ်ခုတည်းသော ကားလမ်းပေါ်ရှိ မင်းချောင်းတံတားအနီးတွင် တည်ရှိသဖြင့် စစ်ကောင်စီက သူ့တပ်သားများကို အလုံးအရင်းဖြင့် ၎င်းကျေးရွာတွင် အင်အားဖြည့်တင်းထားခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။

 

လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမ၇  ၅၅၀ တပ်ရင်းက လက်နက်ကြီးများ ရမ်သန်းပစ်ခတ်လျှက်ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။


အဆိုပါ မိုင်းကွဲမှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကိုသော်လည်းကောင်း၊ ထိခိုက်ပျက်စီးမှုမည်မျှ ရှိသည်ကိုသော်လည်းကောင်း မသိရှိရသေးပါ။  (NN-30)

ဆက်စပ် သတင်းများ