Preview

ကျောက်တော် စကခ (၉)က ပစ်ခတ်သော လက်နက်ကြီးကျည် ၃လုံး သကြားစက်နှင့် လူနေရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲ

နိုဝင်ဘာ ၂၁/ ၂၀၂၃ | ကြည့်ရှုသူ :2397
ရခိုင် သတင်း

၇ခိုင်ပြည်နယ်၊ကျောက်တော်မြို့ အခြေစိုက် အမှတ်(၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) မှပစ်ခတ်လိုက်သော လက်နက်ကြီးကျည်(၃) လုံး သည် ကျောက်တော်သကြားစက်နှင့်လူနေရပ်ကွက်အတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ကျရောက်ပေါက်ကွဲခဲ့သော်လည်း ဒေသခံများမှာ ဗုံးခိုကျင်းများတွင်ဝင်ရောက်ခိုလှုံနေ၍ ထိခိုက်မှုမရှိခဲ့ဟု သိ၇သည်။

နိုဝင်ဘာလ ၂၀ရက် ညနေ ၅နာရီခွဲခန့်အချိန်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများ နေထိုင်ရာလူနေရပ်ကွက်၊ ကျေးရွာများအတွင်းသို့ စကခ (၉) က ဦးတည် ပစ်ခတ်ခဲ့သည်ဟု ကျောက်တော်မြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

" ကျောက်တော် တပ်မကလက်နက်ကြီးနဲ့ ထုတယ်။ကျနော်တို့သိရသလောက် တိုက်ပွဲဖြစ်တာ မဟုတ်ဘူး။ တမင်ပစ်နေတာ။လူတွေနဲ့ နေအိမ်တွေတော့ ထိခိုက်ခဲ့တာ မရှိခဲ့ဘူး" ဟုပြောသည်။

လက်နက်ကြီးကျည်များမှာ သကြားစက်ရုံအနီးနားတွင်တစ်လုံး၊ရေတွင်းနားတွင်တစ်လုံးနှင့် လမ်းမတော်အုပ်စုရှိ လူနေအိမ်နားတွင် တစ်လုံးကျရောက်ပေါက်ကွဲခဲ့သည်ဟု၎င်းက ပြောသည်။


မြန်မာစစ်တပ်သည် လက်နက်ကြီးများ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲထိချင်နေရာထိ၊ ကျချင်နေရာကျ သဘောမျိုးဖြင့် လူနေရပ်ကွက် ကျေးရွာမရှောင် ရမ်းသန်း ပစ်ခတ်နေသဖြင့်ရပ်တိုင်း ရွာတိုင်း သတိထားပြီး နေထိုင်နေကြ၇သည်ဟု ဒေသခံများက ပြောဆိုသည်။

၎င်းပြင် နိုဝင်ဘာ ၂၀ ရက် ညက ကျောက်တော်မြို့ပေါ်တွင်စစ်ကောင်စီ၏၇ဟတ်ယာဉ်များလည်း ပျံဝဲခဲ့ပြီး စကခ (၉) နှင့် ကျောက်တော်အခြေစိုက် တပ်ရင်းများကလည်း လက်နက်ကြီး လက်နက်ငယ်များပစ်ခတ်ခဲ့သလို ကျောက်တော်မြို့တစ်ဖက်ကမ်း လမ်းမတော်အုပ်စုဘက်မှလည်း လက်နက်ကြီး၊ လက်နက်ငယ် အသံများထွက်ပေါ်ခဲ့ကြောင်းပြောဆိုသည်။

ကျောက်တော်မြို့ပေါ်တွင်လက်ရှိ အုပ်ချုပ်ရေး ပျက်ပြားနေပြီး  မြို့ဝင်တံတား ကစ္ဆပနဒီဂိတ်မှ ရဲသားတချို့လည်းရက္ခိုင့်တပ်တော်ထံ လက်နက်များနှင့် အတူ အလင်းဝင်ရောက် သွားခဲ့သလို ကျန်ရဲတပ်ဖွဲ့ဝင်များအားလည်းအေအေထံ လက်နက်ချသွားမည်ကို စိုးရိမ်၍  စစ်ကောင်စီတပ်ကကျောက်တော် တောင်ပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံများက ပြောကြားသည်။

လက်ရှိ မြို့ဝင်တံတား ကစ္ဆပနဒီဂိတ်တွင်ရဲသားတစ်ဦးမှ မရှိတော့သလို ကျောက်တော် မြို့မ ရဲစခန်းတွင်လည်း ရဲတပ်သားအများစုထွက်ပြေးသွားကြပြီဖြစ်၍ စစ်ကောင်စီတပ်က ရဲအရာချို့နှင့် အတူ ဝင်ရောက် နေရာယူထားရသည်ဟု သတင်းရရှိသည်။

နိုဝင်ဘာ ၁၃ ရက်နေ့က စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော်(AA) က ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်အခြေချရာ စခန်းများက လက်နက်ကြီး လက်နက်ငယ်များကို ရမ်းသန်း ပစ်ခတ်နေသဖြင့်ဒေသခံအများစုမှာ ကြောက်လန့်စိုးရိမ်နေရပြီး ပေါက်တောမြို့ အပါအဝင် မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများမှ နေအိမ်များကို စွန့်ခွာထွက်ပြေးနေကြသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိရခိုင်ပြည်နယ်တစ်ခုလုံးတွင် အိုးအိမ်စွန့်ခွာထွက်ပြေးသူအရေအတွက်သည် သိန်းနီးပါးထိ ရှိလာနေပြီဖြစ်ကြောင်း လူမှုရေး လှုပ်ရှားဆောင်ရွက်သူ တစ်ဦးကနိရဉ္စရာသတင်းဌာနကို ပြောသည်။ (NN-11)  

#ကျောက်တော်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.