တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

ဒေသပြန်ပလက်၀မှ ဆရာဆရာမများနှင့် အဝေးသင်ကျောင်းသားများစီးလာသောစက်လှေအား တိုက်ပွဲဖြစ်နေ၍ စကခ(၉)မှ ကျောက်တော်သို့ ပြန်လှည့်ခိုင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.5k

ကျောက်တော်မှတစ်ဆင့်ကုလားတန်မြစ်ကြောင်းအတိုင်းပလက်၀သို့စက်လှေတစ်စီးဖြင့်နေရပ်ပြန်ကြသည့်ကျောင်းသားကျောင်းသူများနှင့်ဆရာဆရာမများအားစကခ() ကတိုက်ပွဲဖြစ်ပွားနေ၍သွားခွင့်မပြုသဖြင့်ကျောက်တော်သို့ပြန်လှည့်လာခဲ့ရသည်ဟုသတင်းရရှိသည်။

ကျောင်းသား ကျောင်းသူများမှာ စစ်တွေမြို့ မှ တက္ကသိုလ်အဝေးသင် စာမေးပွဲဖြေဆို၍ ပြန်လာကြသူများဖြစ်ပြီး ဆရာဆရာမများမှာ သင်တန်းပြီး၍ နေရပ်ပြန်ကြသူများဖြစ်ကာ စက်လှေပေါ်တွင် လူပေါင်း ၅၀ ခန့်ပါသည်ဟု သိရသည်။

စကခ () ဆိပ်ကမ်းသို့ အရောက်တွင် စစ်ကောင်စီတပ်သားများမှ မှတ်ပုံတင်နှင့်လူစာရင်းတောင်းခံ စစ်ဆေးခဲ့ပြီး နှစ်နာရီခန့်အကြာတွင် တိုက်ပွဲဖြစ်နေသည်ဟုဆိုကာ  ထွက်ခွာခွင့်မပြုဘဲ ကျောက်တော်မြို့သို့ ပြန်လှည့်ခိုင်းခဲ့ကြောင်း စက်လှေပေါ်တွင် ပါလာသည့် ကျောင်းသား တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

" ပလက်ဝသွားဖို့အတွက် မျှောစာတင်ရတယ်ထင်တယ်။ တင်တဲ့အချိန်မှာသူတို့လည်း ဘာမှမပြောဘူး။ အထက်မှာ တိုက်ပွဲဖြစ်နေတယ်လို့ပြောတယ်။ ဘယ်နားမှာဖြစ်နေလဲလည်းမပြောဘူး။ ကျောက်တော်ကို ပြန်လှည့်ခိုင်းတယ်။ မတက်တာပိုပြီး အန္တရာယ်ကောင်းမယ်ဆိုပြီး ပြန်လှည့်လာခဲ့ရပါတယ်" ဟုပြောသည်။

စစ်တွေတက္ကသိုလ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်က အဝေးသင် နောက်ဆုံးအဖြတ် စာမေးပွဲဖြေဆိုပြီးနောက် ကျောင်းသားများ နေရပ်ပြန်နိုင်ရေးအတွက် ကုန်းလမ်း၊ ရေလမ်း လက်မှတ်များကို နိုဝင်ဘာလ ၁၈ ရက်မှ ၂၀ ရက် အထိ ရောင်းချပေးခဲ့သည်။

ကျောင်းသား ကျောင်းသူများသည်  နိုဝင်ဘာလ ၁၉ ရက်က ကျောက်တော်မြို့သို့ရောက်ရှိခဲ့ပြီး နောက်တစ်ရက် နိုဝင်ဘာ ၂၀ ရက်တွင် ပလက်ဝသို့သွားရန် စက်လှေဖြင့်ထွက်ခွာခဲ့ရာတွင် ယခုလို သွားခွင့်မရခဲ့ကြခြင်းဖြစ်သည်။ 

လက်ရှိတွင် ပလက်ဝမှ အဝေးသင်ကျောင်းသား၊ ကျောင်းသူများသည် ကျောက်တော်မြို့ရှိ အသိဆွေမျိုးအိမ်များနှင့် တည်းခိုခန်းများတွင် ယာယီတည်းခိုနေရပြီး ထမင်းဆိုင်၊ စားသောက်ဆိုင်များလည်း မဖွင့်သဖြင့် အခက်အခဲ ကြုံတွေ့နေရကြောင်း ပလက်ဝမှအဝေးသင် ကျောင်းသားတစ်ဦးက ဆက်ပြောသည်။

"ကျောက်တော်တည်းခိုခန်းတွေမှာလည်း လူပြည့်နေပြီ။ ပိုက်ဆံရှိပေမယ့် ဝယ်စားဖို့ဆိုင်တွေကလည်း အများမဖွင့်ဘူး။ အသိမိတ်ဆွေမရှိတဲ့သူတွေမှာကျတော့ တည်းခိုစရိတ်၊ စားစရိတ်တွေ အခက်အခဲရှိပါတယ်။ ဖွင့်တဲ့ ဆိုင်ကလည်း လိုသလိုဝယ်မရဘူး။ ထမင်းစားဖို့ဆိုင်တွေကိုတောင် လုနေရတယ်။ ရှေ့ကို ငါးရက်လောက်ပဲ ကျနော်တို့ တောင့်ခံနိုင်တော့မယ် ပိုက်ဆံတွေလည်း ပြတ်နေပြီ။ ကျနော်တို့မှာ ကားလက်မှတ်ကိုတောင် အလုအယက် အခက်အခဲပေါင်းစုံနဲ့ဝယ်လာရတာ" ဟုပြောသည်။

အဆိုပါ ပလက်ဝသို့သွားမည့် အဝေးသင်ကျောင်းသားများကို ယနေ့ နံနက်က မျှောစာတင်နိုင်ရန် အတွက် မှတ်ပုံတင်နံပါတ်များနှင့် လူစာရင်းများကို ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ဒုမြို့နယ် ပညာရေးမှူးက စာရင်းများ ကောက်ယူသွားသည်ဟု ကျောင်းသားများကပြောသည်။

ကျောက်တော်မြို့မှ ပလက်ဝမြို့သို့ အပတ်စဉ်နှစ်ရက်စီ ထွက်ခွာသည့် အစိုးရဇက်ရေယာဉ်သည်လည်း တိုက်ပွဲများ မစခင် ရက်သတ္တပတ်အတွင်းကပင် ပြေးဆွဲခြင်း မရှိတော့ကြောင်း ပလက်ဝမြို့ ဒေသခံများက ပြောသည်။

စစ်တွေတက္ကသိုလ်မှနောက်ဆုံးအဖြတ် အဝေးသင်ကျောင်းသားများသည် နိုဝင်ဘာလ ၁၉ ရက်မှစ၍ ယနေ့အထိ ကျောင်းကတရားဝင်သတ်မှတ်ပေးထားသည့် ကုန်းလမ်း၊ ရေလမ်းခရီးစဉ်များအပြင် ကျောင်းထောက်ခံစာများဖြင့် မိမိတို့နေရပ်အသီးသီးသို့ ပြန်နေကြပြီး တချို့တဝက်မှာလည်း ဘေးကင်းစွာဖြင့်နေရပ်ကိုယ်စီကို ရောက်ရှိသွားကြပြီဖြစ်သည်ဟု သိရသည်။

(NN-8)

ဆက်စပ် သတင်းများ