အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

အမ်းမှ ပညာရေးဝန်ထမ်းများအားလုံး မိမိတာဝန်ထမ်းဆောင်နေသည့်ကျောင်းမှ ဌာနခွင့်ပြုချက်မရဘဲ နေရပ်ပြန်ပါက အရေးယူမည်ဟုအမိန့်ထုတ်


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၁ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

(စစ်တပ်စခန်းနှင့်ရဲစခန်းကို ရုပ်သိမ်းသွားပြီး ကျောင်းဆရာဆရာမများကို အိမ်ပြန်ခွင့်မပြုခြင်းမှာ တရားမျှတမှု မရှိဟုဆို)

နိရဥ္စရာ၊ နိုဝင်ဘာ ၂၁ / ၂၀၂၃

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်တွင်တာဝန်ကျနေသည့် ပညာရေး ဝန်ထမ်းများ အားလုံးကို ဌာန၏ ခွင့်ပြုချက်မရဘဲ နေရပ်ပြန်ခြင်း၊ ခရီးသွားလာခြင်းပြုလုပ်ပါက အရေးယူသွားမည်ဟု မြို့နယ်ပညာရေးမှူးရုံးက အမိန့်ထုတ်ညွှန်ကြားထားကြောင်း သိရသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့စွဲဖြင့် တာဝန်ခံမြို့နယ်ပညာရေးမှူး ဉာဏ်မြင့်လက်မှတ်ရေးထိုး၍ အမ်းမြို့နယ်အတွင်း အခြေခံပညာ စာသင်ကျောင်းများမှ ထက်၊လယ်၊ မူ ဆရာ/ မ အားလုံးကို စာထုတ်ညွှန်ကြားထားခြင်းဖြစ်ကြောင်း ပညာရေးဝန်ထမ်းဆရာ/မ များက ပြောသည်။

အမ်းမြို့နယ်တွင် စစ်ရေးတင်းမာနေသည့် ဒေသများမှ စစ်တပ်စခန်းနှင့်ရဲစခန်းကို ရုပ်သိမ်းသွားပြီး အဆိုပါ စစ်ရေး မတည်မငြိမ်ဖြစ်နေသော ဒေသများမှ ကျောင်းဆရာဆရာမများကို အိမ်ပြန်ခွင့်မပြုခြင်းမှာ တရားမျှတမှု မရှိဟုဆို ကျောင်းဆရာတစ်ဦးက ဝေဖန်ပြောဆိုသည်။

အမ်းမြို့နယ်၊ ဒါးလက်အုပ်စုမှ မူလတန်းပြကျောင်းဆရာတစ်ဦးက "ဒီဘက်မှာလည်း စစ်ရေးတင်းမာမှုက ရှိနေပါတယ်။ ဘယ်အချိန်တိုက်ပွဲဖြစ်မလဲဆိုတာ မပြောနိုင်တဲ့အခြေအနေပါ။ တတ်နိုင်ရင်တော့ကိုယ့်အိမ်ကိုယ့်ယာကို ခဏပြန်နေချင်တယ်။ ဒါပေမယ့် အထက်က အရေးယူမယ်လို့ ပြောထားတော့ မပြန်ရဲဘူး။ လုံခြုံရေး စိုးရိမ်ရတဲ့ ဒေသက ဆရာဆရာမတွေကိုတော့ အိမ်ပြန်ခိုင်းသင့်ပါတယ်"ဟု ပြောသည်

အမ်းမြို့နယ်အတွင်းမှ နှစ်ဘက်စစ်ရေးတင်းမာမှုရှိနေသည့် ကျေးရွာများတွင် တာဝန်ကျနေသည့် ပညာရေး ဝန်ထမ်းဆရာ/မ များမှာ ဌာန၏ညွှန်ကြားချက်ကြောင့် နေရပ်မပြန်နိုင်ဘဲ အန္တရာယ်ကြားတွင် နေထိုင်နေရသလိုဖြစ်နေကြောင်း သူက ပြောဆိုကြသည်။

အမ်းမြို့နယ်မှ မူလတန်းပြကျောင်းဆရာမတစ်ဦးက "ဌာနကခွင့်ပြုချက်မရဘဲ အိမ်ပြန်ရင် အရေးယူ ခံရမယ်လို့ညွှန်ကြားထားပါတယ်။ အဲဒီလိုညွှန်ကြားထားလို့ ခုလို စိုးရိမ်စရာ အခြေအနေမှာ ကိုယ့်အိမ်ကိုယ့်ရာ မပြန်နိုင်တဲ့ဆရာ/ မ တွေလည်း အများကြီးရှိနေပါတယ်" ဟု နိရဥ္စရာသို့ပြောသည်။

အမ်းမြို့နယ်တွင် အထက်တန်းကျောင်း  (၁၁) ကျောင်း ၊ အထက်တန်း(ခွဲ) (၁၁) ကျောင်း ၊ အလယ်တန်း  (၂၇) ကျောင်း၊ အလယ်တန်း (ခွဲ) (၂၈) ကျောင်း ၊(မူလွန်)(၃၅) ကျောင်း ၊ မူလတန်းကျောင်း (၆၅) ကျောင်း ၊ မူလတန်း(ခွဲ) (၄၁) ကျောင်းရှိကြောင်း သိရသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး အမ်းမြို့နယ်ပညာရေးမှူးရုံးကိုဆင်သွယ်နေဆဲဖြစ်သည်။

နှစ်ဖက်စစ်ရေးတင်းမာမှုရှိနေသည့် အမ်းမြို့နယ်တွင် နိုဝင်ဘာလ ၁၅ ရက်ညပိုင်းက ကညှင်တောင်စစစ်ကောင်စီ တပ်စခန်းနှင့် ပိန္နဲတောင်စစ်ကောင်စီတပ်စခန်းများကိုစွန့်ခွာပြီး စစ်ကောင်စီတပ်သားများမှာ မြို့ပေါ်ရှိတပ်ရင်းနှင့် စစ်ဌာနချုပ်များသို့ သွားရောက် ပူးပေါင်းသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၁၄ ရက်ညဥ့် ၁၁ နာရီကျော်အချိန်က စစ်ကောင်စီ၏ ကဇုကိုင်းဗျူဟာကုန်းမှ ပစ်ခတ်သည့်လက်နက်ကြီးကျည်ကျရောက်ပြီး ဒါးလက်အုပ်စု၊အလယ်ကျွန်းကျေးရွာမှ တစ်နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ကျေးရွာသား ၆ ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး၊ သဲကမ်းထောင်းကျေးရွာမှ သက်ကြီးပိုင်းအမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ (NN-23)

ဓာတ်ပုံ- အမ်းမြို့နယ်မှ အထကခွဲ ကျောင်းတစ်ခုမှ ကျောင်းသူ ကျောင်းသားများကိုတွေ့ရစဉ် (ဓာတ်ပုံ- စားသုံးသူရေးရာဦးစီးဌာန)

ဆက်စပ် သတင်းများ