ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ရခိုင်တွင် (၈)ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီလက်နက်ကြီးကျည်ထိ၍ အရပ်သား ၁၆ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၅၀ဦးရှိဟု AA ပြောခွင့်ရသူပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.6k

ရခိုင်တွင်စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်မှုကြောင့် () ရက်အတွင်းအရပ်သား ၁၆  ဦးသေဆုံးပြီးဒဏ်ရာရသူ ၅၀ ဦး ရှိကာ စစ်ရှောင်ဦးရေ ၄၆၀၀၀ကျော်အထိရှိလာကြောင်းရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) ပြောခွင့်ရဦးခိုင်သုခကပြောသည်။

ယခုစာရင်းမှာ တိုက်ပွဲစတင်ဖြစ်ပွားသည့် နိုဝင်ဘာ ၁၃ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ စာရင်းဖြစ်ကြောင်း သိရသည်။

ဦးခိုင်သုခက "မြန်မာစစ်တပ်က လက်နက်ကြီးပစ်ခတ်လို့ သေဆုံးသွားတဲ့ အရပ်သားပြည်သူကတော့ (၁၆) ယောက်ရှိပြီဗျ။ ဒဏ်ရာရတဲ့သူကတော့ အယောက် (၅၀)ရှိပြီ"ဟု ပြောသည်။ 

ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ အသေးစိတ်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသန်းပစ်ခတ်မှုများကြောင့် ပေါက်တော၊ မင်းပြားမြို့နယ်တို့တွင် သေဆုံးမှုများ ရှိနေသည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးရုံး (UNOCHA)ကမူ နိုဝင်ဘာ ၁၇ ရက်တွင် ထုတ်ချက်တွင် နိုဝင်ဘာ (၁၃) ရက်နေ့ မှ နိုဝင်ဘာ ၁၆ ရက်နေ့ အထိ သေဆုံးသူ ၁၁ ဦး၊ ဒဏ်ရာရရှိသူ ၃၀ ကျော်ရှိကာ လူဦးရေ ၁၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရခိုင်ပြည်နယ်တဝန်းမှ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင် ၄၆၂၈၆ ဦးအထိရှိပြီး မင်းပြားနှင့် ပေါက်တောမြို့နယ်တို့မှ အများဆုံးဖြစ်ကြောင်း ဦးခိုင်သုခက ပြောသည်။

"အခုဆိုရင် မြို့ပေါ်ကလူတွေက ULA/AA ထိန်းချုပ်ထားတဲ့ရွာတွေဘက်ကို ထွက်ပြေးလာကြတာတွေ အများကြီးရှိတယ်။ အထူးသဖြင့် အခုဆိုရင် ပေါက်တော၊ မင်းပြားကထွက်ပြေးလာတဲ့ ပြည်သူတွေ အများကြီး ရှိနေပါတယ်" ဟု ပြောသည်။

ယင်းအပြင် တိုက်ပွဲဖြစ်ပွားသည့်နေရာများသာမက တိုက်ပွဲမဖြစ်သည့်နေရာများတွင်လည်း ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေပြီး နိုဝင်ဘာ ၂၀ ရက်အထိ ဖမ်းဆီးခံရသူ (၇၂) ဦးရှိကြောင်း ဦးခိုင်သုခက ပြောသည်။ 

ရခိုင်ပြည်နယ်ရှိ မြို့နယ်တိုင်းတွင် စစ်ဆေးဖမ်းဆီးမှုများ ဆက်တိုက်ရှိနေဆဲဖြစ်ပြီး လူမှုရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးသမားများကို အဓိက ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း မြောက်ဦးမြို့မှ တိမ်းရှောင်နေရသူတစ်ဦး၏ အမျိုးသမီးက နိရဥ္စရာကို ပြောသည်။ 

"တိုက်ပွဲတွေ စဖြစ်ကတည်းက အရင်လိုပဲ ဖမ်းတာဆီးတာတွေလုပ်တော့မယ်ဆိုတာ သိနေတယ်။ ဒါကြောင့် သတိနဲ့နေခဲ့တယ်။ နောက် ဧည့်စာရင်းဘာညာဆိုပြီး ဝင်စစ်တာတွေရှိလာတော့ သူလည်း ရှောင်နေတာပါ"ဟု ပြောသည်။ 

ပေါက်တောမြို့တွင်လည်း စစ်ကောင်စီက ဓါးစာခံအဖြစ်ပြန်ပေးဆွဲထားသော ပေါက်တောမြို့ပြည်သူလူထု ၂၀၀ ခန့်ရှိပြီး (၁၀၀) နီးပါးကို ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်တွင်  အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ကြောင်း ဦးခိုင်သုခက နိရဥ္စရာကို ပြောဆိုထားသည်။ 

ပေါက်တောမြို့အတွင်း ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဆက်လက်ချေမှုန်းလျက်ရှိပြီး ကျန်ရှိနေသေးသောဓါးစာခံများ အန္တရာယ်ကင်းစွာ လွတ်မြောက်နိုင်ရေးအတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်နေသည်ဟုလည်း ယမန်နေ့က ULA/AA က ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီ၏ ယခုကဲ့သို့ ပြည်သူများကို ပစ်မှတ်ထားကာ ပစ်ခတ်ဖမ်းဆီးမှုများမှာ စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုမှာ ပါဝင်ပတ်သက်သူများ၊ ပြည်သူများအပေါ် မတရားအနိုင်ကျင့်သူများအား ရက္ခိုင့်တပ်တော်(AA)အနေနှင့် သင့်တော်သလို လက်တုံ့ပြန်သွားမည်ဟုလည်း ဦးခိုင်သုခက ပြောသည်။ 

"ဒီရာဇဝတ်မှုတွေအတွက် မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုမှာ ပါဝင်ပတ်သက်တဲ့သူတွေ၊ နောက် ကျနော်တို့ပြည်သူတွေကို မတရားအနိုင်ကျင့်သူတွေကို ကျနော်တို့ဘက်ကတော့ သင့်တော်သလို လက်တုံ့ပြန်သွားမှာ ဖြစ်တယ်" ဟု ပြောသည်။

လက်ရှိမှာ ပေါက်တောမြို့အပြင် မောင်တောမြို့နယ်၊  ဘူးသီးတောင်မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားနေသည်ဟု သိရသည်။ (NN-7)
(ဓာတ်ပုံ- ဆိုရှယ်မီဒီယာ)

ဆက်စပ် သတင်းများ