ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ရသေ့တောင်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေမှုကြောင့် ရာနှင့်ချီသည့်ဒေသခံများထွက်ပြေးနေရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၂ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီ၏ ရေစိုးချောင်း ဗျူဟာက လက်နက်ကြီး လက်နက်ငယ်များဖြင့် ၂ ရက်ဆက်တိုက် ရမ်းသန်းပစ်ခတ်နေသဖြင့် အနီးအနားရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးနေရကြောင်း သတင်းရရှိသည်။

ရသေ့တောင်မြို့နယ်တွင် ရေစိုးချောင်းဗျူဟာက အနီးအနား ကျေးရွာများကို ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်၊ ညနေ ၆ နာရီခန့်နှင့် ယနေ့ နိုဝင်ဘာ ၂၂ရက်၊ နံနက် ၉ နာရီမှ ၁၀ နာရီခွဲခန့်ထိ ပစ်ခတ်သဖြင့် လက်နက်ကြီးများကျရောက်မှုရှိသည်ဟု ညောင်ပင်လှကျေးရွာသားတစ်ဦးက နိရဉ္စရာကိုပြောသည်။

"ပစ်နေတာ တိုက်ပွဲစတဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကတည်းကပါ။ အခုက ဒီဘက်မှာ တိုက်ပွဲမရှိဘဲ ပစ်နေတာ။ မနေ့ကနဲ့ ဒီ‌ ‌ နေ့ ပစ်တာ ငစံဘော်ရွာမှာလည်း ကျတယ်ကြားတယ်။ အထိခိုက်တော့ မရှိသေးဘူး။‌ မ နေ့က ၈ လုံး။ ဒီ‌နေ့ လက်နက်အလုံး ၁၀ ကျော်လောက်ရှိပြီ။ မညှင်းတောင် စစ်တပ်ကလည်း ပစ်တယ်"ဟုပြောသည်။

လက်ရှိတွင် စစ်ကောင်စီ၏လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် ‌ရေစိုးချောင်းဗျူဟာနှင့် နီးသည့် ပြိန်းတော၊ ညောင်ပင်လှ၊ မုဆိုးချောင်း(ခ)ငစံဘော်၊ ရေမျက်၊ မောင်ဖြူရွာနှင့် ကျောက်ရံသာစည်ကျေးရွာများမှဒေသခံ ရာနှင့်ချီသည့် ဒေသခံများထွက်ပြေး နေရကြောင်း သိရသည်။

ယင်းအပြင် ယမန်နေ့က ရသေ့တောင်မြို့တွင်တပ်စွဲထားသည့် ၅၃၆/၅၃၇/၅၃၈ တပ်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်မှုကြောင့် ရသေ့တောင်မြို့နယ်၊ ပြင်ခေါင်း ကျေးရွာထဲ​၊ ပြင်ခေါင်းရွာဟောင်း ဘုန်းကြီးကျောင်းနှင့် ငတောက်တူကြီးရွာ၏ သုသာန် သင်္ချိုင်းတို့တွင် လက်နက်ကြီးတစ်လုံးစီ ကျရောက်ခဲ့သည်ဟု ရသေ့တောင်မြို့ခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

"မနေ့ကလည်း မြို့ပေါ်က အလုံးတစ်ဆယ်ကျော်လောက်ပစ်တယ်။ လူတွေ အထိခိုက်တော့ မကြားရဘူး။ တစ်ဖက်သက်ပစ်နေတာ ပြည်သူတွေကို" ဟုပြောသည်။

ယင်းအပြင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်ကလည်း ရသေ့တောင်မြို့၊ အရှေ့တောင်ရပ်ကွက်ဈေးနားတွင် လက်နက်ကြီးကျည် တစ်လုံးနှင့် အရှေ့မြောက်ရပ်ကွက် ဓမ္မာရုံရှေ့တွင် လက်နက်ကြီးကျည် တစ်လုံးကျရောက်ခဲ့ပြီး ရသေ့တောင်မြို့နယ်၊ ပြားချောင်းကျေးရွာတွင်လည်း လက်နက်‌ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဓာတ်တိုင်များပါကျိုးသွားကြောင်း သိရသည်။

ဓာတ်ပုံ - ပုံဟောင်း

ဆက်စပ် သတင်းများ