စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ပလက်ဝတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ၉ ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.2k

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် တိုက်ပွဲဖြစ်ပွားရာ အနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ၉ ဦးမှာ ကျည်စထိမှန်ကာ ဒဏ်ရာရရှိသွားသည်ဟု သိရသည်။

ဒဏ်ရာရရှိသွားသူများမှာ မီးဇာကျေးရွာအနီးရှိ မီးဇာစစ်ဘေးရှောင်စခန်းမှ ဦးမောင်လှသိန်း(၃၇)နှစ်(ဘယ်ခြေထောက်ဒဏ်ရာရ)၊ ဒေါ်ပိုက်ခမ်း(၄၄)နှစ် (ညာပေါင်ဒဏ်ရာရ)၊ မောင်အောင်ဝင်းထွန်း(၁၇)နှစ် (ညာဘက်ပေါင်ရင်းဒဏ်ရာရ)၊ မောင်အောင်ကိုစိုး(၁၀)နှစ် (ဘယ်ခြေမျက်စိဒဏ်ရာရ)၊ မောင်လင်းဘဲ(၈)နှစ် (ညာဘက်ပေါင်ဒဏ်ရာရ)၊ အောင်မယိုက်(၇၃)နှစ် (ပေါင်နှစ်ဘက်ဒဏ်ရာရ)၊ မောင်နန်းယိုး(၂)နှစ် (ညာဘက်ဒူးဒဏ်ရာရ)၊ မနန်းဆွဲ(၅)နှစ် (ညာခြေထောက်ဒဏ်ရာရ)၊ မောင်ရော့ရှင်(၁၃)နှစ် (ဘယ်ခြေထောက်ဒဏ်ရာရ)တို့ဖြစ်ကြသည်။

စစ်ကောင်စီဘက်က ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်က တိုက်ပွဲဖြစ်ပွားရာ တရွန်အိုင်းကျေးရွာအနီးကို ဂျက်လေယာဥ်များဖြင့် လေကြောင်း တိုက်ခိုက်မှုကြောင့် တရွန်အိုင်ကျေးရွာနှင့် ၂ မိုင်ခန့်ကွာဝေးသော မီးဇာစစ်ဘေးရှောင်စခန်းသို့ လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲ၍ ယခုကဲ့သို့ ဒဏ်ရာများရရှိသွားခြင်းဖြစ်သည်ဟု သိရသည်။

"တိုက်ပွဲက ၁၄ ရက်နေ့ကနေ စဖြစ်နေတာ။ ၁၉ ရက်နေ့က မြန်မာစစ်တပ်က ဂျက်လေယာဥ်တွေနဲ့ လေကြောင်းအတိုင်းပစ်ခတ်လို့ မီးဇာစစ်ဘေးရှောင်စခန်းမှာ ကျည်တွေကျပြီး ပေါက်ကွဲတယ်။ အဲ့ဒီက အစအနတွေထိပြီး ဒဏ်ရာရကြတာပါ။ နှစ်ယောက်ကတော့ ပြင်းထန်ဒဏ်ရာရတယ်။ စိုးရိမ်ရတဲ့အခြေအနေပါ။ ကလေးတွေလည်း ကျည်စထိပါတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် အဆိုပါဒဏ်ရာရရှိသူများမှာ မီးဇာကျေးရွာရှိ တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်ဟုလည်း သိရသည်။

ပလက်ဝမြို့နယ်တွင် တရွန်အိုင်ကျေးရွာအနီးရှိ တရွန်အိုင်ဗျူဟာ၊ နှုံးဘူးဗျူဟာ  တပ်စခန်းများကို ရက္ခိုင့်တပ်တော်(AA)က ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့မှစတင်ကာ ယနေ့ နိုဝင်ဘာ ၂၂ ရက်အထိ ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု AA က ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီဘက်က ဂျက်လေယာဥ်များဖြင့် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူများဖြင့် ခုခံနေ၍ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့ကလည်း တရွန်အိုင်ကျေးရွာမှ ဒေသခံ ၄ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့သေးသည်။ (NN-12)

ဆက်စပ် သတင်းများ