ကြာသပတေး၊ ဇွန်လ ၂၀ရက်၊ ၂၀၂၄

စစ်ကောင်စီ၏ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲ၍ ပေါက်တောမြို့မီးလောင်နေ


  • ရေးသူ: Web Master (NN 12,NN 13)
  • | ရက်စွဲ: ၂၃ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

(ပျက်စီးဆုံးရှုံးမှုနှင့် လူထိခိုက်မှုမသိရသေး)

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲ၍ လူနေရပ်ကွက်များ မီးလောင်နေသည်ဟု သိရသည်။

ယနေ့ နိုဝင်ဘာ ၂၃ ရက်၊ မွန်းတည့် ၁၁ နာရီကျော်ခန့်တွင် ပေါက်တောမြို့နယ်၊ ရဖီးချပ်တောင်အနီးရှိ စစ်ကောင်စီ၏ နေဗီနှင့် စစ်တွေရှိ အမှတ်(၁၂)ရဲတပ်ရင်းတို့က ပေါက်တောမြို့သို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည်ဟု သိရသည်။

အဆိုပါလက်နက်ကြီးကျည်များ ပေါက်တောမြို့ထဲသို့ ကျရောက်ပေါက်ကွဲပြီး လူနေရပ်ကွက်များ မီးလောင်နေခြင်းဖြစ်သည်ဟု သိရသည်။

ဒေသခံတစ်ဦးက "မီးလောင်နေတယ်။ ရဖီးချပ်တောင်နားမှာရှိတဲ့ နေဗီကပစ်နေတာ။ စစ်တွေကလည်း လက်နက်ကြီးတွေနဲ့လှမ်းပစ်နေတယ်။ ကျွန်တော်တို့မြင်ရတာတော့ မြို့ထဲက မီးခိုးတွေထွက်နေတာကိုမြင်ရတယ်။ မီးလောင်နေတာပါ" ဟု ပြောသည်။

လက်ရှိတွင် ပေါက်တောမြို့ပေါ်ရှိ လူနေရပ်ကွက်များဖြစ်သည့် ဘဝမ်းရပ်ကွက်၊ ပန်းသီးရပ်ကွက်တို့တွင်လည်း မီးလောင်နေကြောင်းကနဦး သိရသည်။

နောက်ထပ်မြို့ခံတစ်ဦးက "အိမ်တွေလောင်နေတာပေါ့။ ဘယ်လောက်ထိ လောင်နေလဲ မသိရဘူး။ မီးခိုးက အများတက်နေတော့ အများကြီးလောင်နေမယ်ထင်တယ်" ဟု  ပြောသည်။

ပေါက်တောမြို့ထဲတွင် ပိတ်မိနေကြသည့် မြို့ခံပြည်သူများစွာရှိနေပြီး လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲမှုကြောင့် လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိမှုအသေးစိပ်ကို နိရဥ္စရာက စုံစမ်းနေဆဲဖြစ်သည်။

ပေါက်တောမြို့တွင် ပြီးခဲ့သည့်နိုဝင်ဘာလ ၁၆ ရက်နေ့က ပေါက်တော မြို့မရဲစခန်းတစ်ခုလုံးကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ခဲ့ပြီဟုသတင်းများထွက်ပေါ်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က နေ့လယ်ပိုင်းတွင် ဟတ်စကီး (၁) စီးဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ကာ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ပေါက်တောမြို့နှင့် နေရာအနှံ့အပြားသို့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ပေါက်တောမြို့ထဲရှိ လောကထိပ်ပန်ဘုရားရင်ပြင်၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော်(AA)က နိုဝင်ဘာလ ၂၁ ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းဆီးထားသည့် အရပ်သားများထဲမှ လူပေါင်း(၁၀၀) နီးပါးကို ကယ်ထုတ်နိုင်ခဲ့ပြီး ကျန်ရှိနေသေးသော လူသားဒိုင်းကာအဖြစ် ပြန်ပေးဆွဲခံထားရသော ပေါက်တောမြို့သူ မြိုသားများအား ရန်သူ့လက်ထဲမှ လွတ်မြောက်နိုင်ရေး ကြိုးစားလျက်ရှိကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်ထားသည်။ (NN-12/13)

ဆက်စပ် သတင်းများ