တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တွေ အမှတ်(၁၂)ရဲတပ်ရင်းက လက်နက်ကြီးမတော်တဆဖြစ်ရာမှ ဒဏ်ရာရသွားသည့် နောက်ထပ် စစ်သား ဒါဇင်ဝက်ခန့်သေဆုံး


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၄ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 5k

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အမှတ် (၁၂) ရဲတပ်ရင်းက လက်နက်ကြီးပစ်ခတ်စဉ် ပြောင်းကွဲပြီး ကျည်နောက်သို့ ပွင့်ထွက်၍ ပေါက်ကွဲရာမှ ဒဏ်ရာပြင်းထန်ကာ ဆေးရုံတင်ထားရသည့် နောက်ထပ် စစ်သား ၆ ဦးသည် သေဆုံးသွားသည်ဟု သိရသည်။

အဆိုပါစစ်သား ၆ ဦးသည် စစ်တွေတပ်နယ်ရှိ ကုတင် ၁၀၀ ဆံ့ စစ်ဆေးရုံတွင် ဆေးကုသမှုခံယူရင်း နေစဉ်ယမန်နေ့ နိုဝင်ဘာ ၂၃ ရက်၊ နံနက်ပိုင်းကပင် သေဆုံးသွားသည်ဟု သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကိုပြောသည်။

"အဲဒီနေ့ညက ၂ ယောက်ပွဲချင်းပြီး‌ သေတယ်။ကျန်တဲ့ ၆ ယောက်က မနက်ရောက်တာနဲ့သေသွားတယ်။ ဒဏ်ရာကအကြီးစားဆိုတော့ ကုလို့မရတော့ဘူးလေ"ဟုပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက်၊ ညနေပိုင်းက အဆိုပါတပ်ရင်းက ပေါက်တောမြို့သို့ လက်နက်ကြီး ပစ်ခတ်စဉ်အတွင်း ချို့ယွင်းမှုဖြစ်ကာ လက်နက်ကြီးကျည်နောက်သို့ ပွင့်ထွက်သွားသဖြင့် လက်နက်ကြီးပစ်ခတ်နေသည့် စစ်ကောင်စီတပ်သား ၂ ဦး ပွဲချင်းသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်၊ နေ့လယ်ပိုင်းမှစ၍ ယမန်နေ့နိုဝင်ဘာ ၂၃ ရက်၊ ညနေပိုင်းအထိ စစ်တွေရှိ အမှတ် (၁၂) ရဲတပ်ရင်းက ပေါက်တောမြို့သို့ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေခဲ့ခြင်းဖြစ်သည်။

ပေါက်တောမြို့တွင် နိုဝင်ဘာ ၂၁ ရက်‌နှင့် ၂၂ ရက်‌တို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက စစ်ရဟတ်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များဖြင့် အသုံးပြုကာ တိုက်ခိုက်နေရကြောင်း AA က ထုတ်ပြန်ထားသည်။ (NN-11) 

ဓာတ်ပုံ - စစ်ကောင်စီလက်နက်ကြီးပစ်နေသည့် မြင်ကွင်းတစ်ခု

ဆက်စပ် သတင်းများ