Preview

စစ်ကောင်စီက ဖမ်းဆီးထားသည့် စစ်တွေမှ စစ်ဘေးရှောင် ၃ ဦး မိသားစုနှင့်တွေ့ခွင့်မရ

နိုဝင်ဘာ ၂၄/ ၂၀၂၃ | ကြည့်ရှုသူ :5066
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မေယုဓမ္မစက္ခုပရဟိတစစ်ရှောင်စခန်းမှဖမ်းဆီးခံရသည့် စစ်ဘေးရှောင် ၃ ဦးသည် မိသားစုနှင့်တွေ့ခွင့်မရဟု သိ၇သည်။

ဖမ်းဆီးခံရသူများမှာ စစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့် ကျောင်းထိုင်ဆရာတော်နှင့်ယောက်ဖတော်စပ်သူ ဦးကျော်သန်းစိန်(၅၉)နှစ်၊ ဦးတင်မောင်(၆၂)နှစ်နှင့်ဦးကျော်ဝင်းချေ(၄၂)တို့ ဖြစ်ကြောင်း သိ၇သည်။


ဦးကျော်ဝင်းချေ၏ဇနီးဖြစ်သူက "အမှတ်(၁)ရဲစခန်းကိုထမင်းသွားပို့တော့အပြင်မှာပဲထားခဲ့ရတယ်။တွေ့ခွင့်မပေးဘူး။ ကျန်းမာရေးမကောင်းတဲ့သူဆိုတော့ ကျမက စိတ်ပူတယ်။ပြန်လွှတ်ပေးပါ"ဟုပြောသည်။

မေယုစက္ခုပ၇ဟိတကျောင်းကို မြန်မာစစ်ကောင်စီတပ်ကပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်နေ့ည ၁၁ နာရီခန့်ကအင်အားအလုံးအရင်းဖြင့် ဝင်ရောက် မွှေနှောက်ပြီး စစ်ဘေးရှောင် ၃ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။


သူတို့အား မည်သည့်ပုဒ်မဖြင့်အမှုဖွင့်ထားသည်ကိုသက်ဆိုင်ရာကိုသွားရောက် တွေ့ဆုံမေးမြန်းသော်လည်း မဖြေကြဟုမေယုဓမ္မစက္ခုပရဟိတ ကျောင်းမှကျောင်းထိုင်ဆရာတော်က နိရဉ္စရာကိုမိန့်ကြားသည်။

"ဆရာတော် မကြာမကြာသွားမေးတယ်။ သူတို့ပြောတာကလောကာနန္ဒာမှာရှိတဲ့ တပ်က အမိန့်ချထားတာတဲ့။ ရဲတွေကသူတို့ပြောပိုင်ခွင့်မရှိဘူးတဲ့။ ဆရာတော်လေ လောကာနန္ဒာရော၊ အမှတ်(၁)ရော၊ဝန်ကြီးရုံးတွေရောသွားမေးတာ ဘယ်သူမှမဖြေကြဘူး"ဟုပြောသည်။

ယင်းအပြင် အဆိုပါကျောင်းသို့စစ်ကောင်စီဘက်မှလာရောက်ဝင်မွှေနှောက်ခဲ့စဉ်ကသံဃာတော်ပါမချန် ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံခဲ့သည်ဟု ကျောင်းထိုင်ဆရာတော်ကဆက်လက်မိန့်ကြားသည်။

"ဦးဇင်းကို  စစ်ရှောင်စခန်းမှာဗုံးခိုကျင်းတူးတာကိုဦးဇင်းခိုင်းတာလားမေးတယ်။ မဟုတ်ဘူးဆိုလို့မရဘူး။ ကြမ်းကြမ်းတမ်းတမ်းတွေပြောတယ်။သူတို့က ဘုန်းကြီးတွေကိုလည်း အေအေနှင့်ဆက်စပ်တယ်ပဲထင်နေကြတာ" ဟုပြောသည်။

မေယုဓမ္မစက္ခုပရဟိတစစ်ဘေးရှောင်စခန်းတွင်အိမ်ထောင်စု(၂၂)စုရှိပြီး လူဦးရေ ၈၇ ဦးရှိကြောင်း သိ၇သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက်၊ ညဉ့် ၁၀ နာရီခန့်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိသုသာန်အနီး တေဇာရာမ(သရက်တော) ဘုန်းကြီးကျောင်းမှ တိုက်အုပ်ဆရာတော်ဦးကောဝိဒအပါအဝင် စစ်ဘေးရှောင် ၁၉ ဦး၊ ပတ္တမြားဘုန်းကြီးကျောင်းတိုက်မှ ဒေသခံ၂ ဦးနှင့် ရွာသာယာကျေးရွာမှ ဒေသခံ ၃ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ယင်းနောက် အခြားသူများကို ဧည့်စာရင်းမတိုင်၍ဟုအကြောင်းပြကာ ဒဏ်ငွေ၅ ထောင်ကျပ်စီဆောင်ခိုင်းပြီး ပြန်လွှတ်ပေးခဲ့သော်လည်း ဦးကောဝိဒကို လူဝတ်လဲကာပုဒ်မ ၅၀၅(ခ)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ရခိုင်တွင် ယခု တကျော့ပြန် တိုက်ပွဲဖြစ်ပွားသည့်နေရာများသာမက တိုက်ပွဲမဖြစ်သည့်နေရာများတွင်လည်း စစ်ကောင်စီက အရပ်သားများကို ဖမ်းဆီးမှုများဆက်တိုက်လုပ်ဆောင်နေပြီး နိုဝင်ဘာ ၁၃ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ ဖမ်းဆီးခံရသူအရပ်သား(၇၂) ဦးရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(AA)ပြောခွင့်ရသူ ဦးခိုင်သုခက နိရဥ္စရာကို ပြောဆိုထားသည်။ (NN-11)

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.