သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

စစ်ကောင်စီက ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျ၍ ပုဏ္ဏားကျွန်းမြို့မစျေး မီးအပြင်းအထန်လောင်နေ


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၂၄ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.2k

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့မ​စျေးထဲတွင် စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ မီးအပြင်းအထန်လောင်နေသည်ဟု သိရသည်။

ယနေ့ နိုဝင်ဘာလ ၂၄ ရက်၊ နေ့လယ် ၂ နာရီခွဲခန့်တွင် စစ်ကောင်စီ၏နေဗီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်နှစ်လုံးသည် ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်ရှိ မြို့မ​စျေးဟောင်းထဲ ကျရောက်ပေါက်ကွဲ၍ မီးလောင်နေခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

"မီးက တော်တော်ပြင်းပါတယ်။ ခုထိလောင်နေတုန်းပါ"ဟု ​ပြောသည်။

အဆိုပါစျေးထဲ စျေးဆိုင်ခန်းအများအပြားသို့ မီးကူးစက်လောင်ကျွမ်းနေခြင်းဖြစ်ပြီး မီးသတ်ကား ၃ စီးနှင့် မီးငြှိမ်းသတ်၍ မနိုင်တော့ဟု ဒေသခံများက ပြောကြသည်။

၎င်းစျေးအနီးတွင် နေအိမ်များလည်း အများရှိနေပြီး နေအိမ်များသို့လည်း ကူးစက်နေပြီဟု အဆိုပါမြို့ခံက ပြောသည်။

"မီးက တအားပြင်းတော့ အဲဒီဘက်ကို သွားလို့ကိုမရသေးဘူး"ဟု ပြောသည်။

ပျက်စီးဆုံးမှုကိုလည်း လောလောဆယ် မသိရသေးပါ။

ပုဏ္ဏားကျွန်းမြို့၊ ဂူဝအနီးရှိမြစ်ပြင်တွင် ဆိုက်ကပ်နေသော စစ်ကောင်စီနေဗီသည် ပုဏ္ဏားကျွန်းမြို့နှင့် အနီးဝန်းကျင်ကျေးရွာများကို နေ့စဥ်ရက်ဆက် ရည်ရွယ်ချက်ရှိရှိပစ်ခတ်နေသည်ဟု သိရသည်။ (NN-16)

ဓာတ်ပုံ - လူမှုကွန်ရက်

 

ဆက်စပ် သတင်းများ