တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရသေ့တောင် ရေစိုးချောင်းဗျူဟာက လက်နက်ကြီးပစ်ခတ်မှုကြောင့် သက်ကြီးပိုင်းအမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီး ၄ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.3k

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ရေစိုးချောင်းဗျူဟာက လက်နက်ကြီး ပစ်ခတ်မှုကြောင့် သက်ကြီးပိုင်းအရွယ်အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီး ၄ ဦးဒဏ်ရာရရှိသွားသည်ဟု သိရသည်။

ရသေ့တောင်မြို့နယ်၊ နွားလှကျော်အုပ်စု၊ လိုင်ဂွင်ကျေးရွာတွင် ယနေ့ နိုဝင်ဘာ ၂၄ ရက်၊ ညနေ ၄ နာရီခွဲခန့် ရေစိုးချောင်းဗျူဟာကုန်းက လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၆၀‌ အရွယ်အမျိုးသားတစ်ဦးသေဆုံးသွားပြီး အမျိုးသမီး ၄ ဦးဒဏ်ရာရရှိသွားသည်ဟု ရသေ့တောင်မြို့နယ်က ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

"ဘာတိုက်ပွဲမှမရှိဘဲ နေ့တိုင်းပစ်တယ်။ လက်နက်ကျည်စ ထိသွားတာ။ ခု အဲဒီရွာက အလိုလိုနေရင်းထိုင်ရင်း လူတစ်ယောက်သေသွားပြီ။ အဲဒီလေးယောက်က မိန်းကလေးတွေပါ" ဟုပြောသည်။

အဆိုပါလက်နက်ကြီးမှာ လိုင်ဂွင်ကျေးရွာမှ မလှနုချေ၏နေအိမ်တွင်တစ်လုံးကျပြီး ယင်းလက်နက်ကြီးမှ ကျည်စထိမှန်မှုကြောင့် အသက် ၆၀ အရွယ် ဦးမောင်ချမ်းသာ သေဆုံးရခြင်းဖြစ်ကြောင်း သိရသည်။

"အဲဒီဦးလေးက ငါးသင်နေတာ။ လက်နက်ကတခြားအိမ်မှာကျတာ။ သူ့ဆီ ကျည်စခေါင်းကို ထိပြီး ပွဲချင်းပြီသေသွားတာ"ဟုပြောသည်။

အလားတူ ရသေ့တောင်မြို့နယ်၊ ငစံဘော်ကျေးရွာမှ ဦးကျော်သန်းမောင် (၄၂ နှစ်) သည်လည်း ယမန်နေ့ နံနက်ပိုင်းတွင် ရေစိုးချောင်းဗျူဟာကုန်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သူ၏ဘယ်ဘက်ပေါင်နှင့် ခြေဖမိုးတို့တွင် ဒဏ်ရာ ရရှိသွားသည်ဟု သိရသည်။

ရခိုင်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နိုဝင်ဘာ ၁၃ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ (၈) ရက်အတွင်း အရပ်သား (၁၆) ဦးသေဆုံးပြီး ဒဏ်ရာရသူ (၅၀)ဦးရှိကာ စစ်ရှောင်ဦးရေ ၄၆၀၀၀ ကျော်အထိရှိလာကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA) ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။ (NN-11)

 

ဆက်စပ် သတင်းများ