Preview

ရခိုင်နှင့် ချင်းလူမျိုးများနေထိုင်သည့် တောင်ကုတ် ဒုံကျေးရွာမှ ရွာသား ၃၀ ခန့်ကို စစ်တပ်က တောင်းလာသဖြင့် ရွာသားများကြောက်လန့်ထွက်ပြေး

နိုဝင်ဘာ ၂၄/ ၂၀၂၃ | ကြည့်ရှုသူ :7539
ရခိုင် သတင်း

ရခိုင်နှင့် ချင်းလူမျိုးများနေထိုင်သည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဒုံကျေးရွာမှ ရွာသား ၃၀ ခန့်ကို မြန်မာစစ်ကောင်စီတပ်က ကျေးရွာအုပ်ချုပ်ရေးမှူးမှ တစ်ဆင့်တောင်းဆိုလာသဖြင့်  ၎င်းကျေးရွာရှိ လူငယ်လူရွယ်များ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု သိ၇သည်။

ဒုံကျေးရွာမှ အမျိုးသမီးတစ်ဦးက "စစ်တပ်ကနေပြီးတော့ အုပ်ချုပ်ရေးမှူးဆီက လူ ၃၀ ပေးရမယ်လို့တောင်းတယ်လို့သိရပါတယ်။ အဲဒါဖမ်းဆီးခံရမှာ စိုးလို့ ရွာသားတချို့ရွာကရှောင်နေကြပါတယ်"ဟု ပြောသည်။

စစ်ကောင်စီတပ်က ရွာသား ၃၀ ခန့်ကို အလိုရှိကြောင်း ဒုံကျေးရွာအုပ်ချုပ်ရေးမှူးထံ နိုဝင်ဘာလ ၁၈ ရက်တွင် ဖုန်းဆက် အကြောင်းကြားလာသည်ဟု သိ၇သည်။

ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူ တစ်ဦးက “သူတို့က ကျေးရွာသား ၃၀ လောက်ထုတ်ပေးရမယ်လို့ ဖုန်းဆက်ပြောလာတယ်။ အုပ်ချုပ်ရေးမှူးကတော့မပေးနိုင်ဘူးလို့ပြောတယ်။ အဲဒီနောက် ရွာကလူငယ်လူရွယ်တွေနဲ့ လူလတ်ပိုင်းတွေ ရွာကနေ ထွက်ပြေး တိမ်းရှောင်နေ၇တယ်”ဟုပြောဆိုသည်။

ယခုကဲ့သို့ ရွာသား ၃၀တောင်းလာခြင်းအပေါ် အသေးစိတ် မသိရကြောင်း၊  စစ်တပ်အတွက် အလုပ်ခိုင်းစေရန် အတွက် တောင်းခြင်းလား (သို့မဟုတ်)  စစ်တပ်ထဲကို အတင်း ဝင်ခိုင်းရန်အတွက် တောင်းခြင်းလားဆိုသည်ကို မသိရသေးကြောင်း  နောက်ထပ် ကျေးရွာသားတစ်ဦးက  ပြောဆိုသည်။

“ သူတို့က လူ ၃၀ အလိုရှိတယ်။ ပေးပို့ရမယ်။ အဲသလိုမျိုးတောင်းတာ။ ဘာကြောင့်လဲ။ AA နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဖို့အတွက် တောင်းတာမျိုးလည်း မဟုတ်ဘူးလို့ သိရတယ်။ ရွာကလူတွေကတော့ စိုးရိမ်ပြီးပြေးနေကြတယ်။ သူတို့(စစ်ကောင်စီ)က ဘာလုပ်မယ်မှန်းလည်းမသိဘူးလေ" ဟု နိရဉ္စရာသို့ ပြောသည်။

ဒုံကျေးရွာသည် တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်နှင့်ထိစပ်လျက်ရှိသည့် ကျေးရွာတစ်ခုဖြစ်ပြီး ရခိုင်နှင့်ချင်းလူမျိုးများ အဓိကနေထိုင်ကြောင်း သိ၇သည်။

တောင်ကုတ်မြို့တွင် စစ်ကောင်စီတပ်သည် ၄င်း၏ရှိသမျှအင်အားအသုံးပြု၍ စစ်ရေးအခိုင်အမာပြင်ဆင်နေကြောင်း  ဒေသခံများက ပြောသည်။

တောင်ကုတ်မြို့ပေါ်ရှိ ဘုရားတောင်များအပါအဝင် အနည်းဆုံးနေရာ ၃ ခုတွင် လက်နက်ကြီးတပ်ဖွဲ့စည်းထားပြီး မြို့အဝင်အထွက်ချောင်း တစ်လျှောက်တွင်လည်း ကင်းပုန်းဝပ်ထားကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်က ပန်းမြောက်တောင်စေတီတော်ရှိရာတောင်၊ တပ်ဦး ဘုန်းကြီးကျောင်းတောင်၊ တောင်ကုတ်မြို့ရေကြောင်းအဝင်အထွက်လမ်းမှ ဘီလူးကြီးတောင်တို့တွင် လက်နက်ကြီးတပ်များအထိုင်ချဖွဲ့စည်းထားပြီး ရန်ခိုချောင်းတစ်လျှောက်ကင်းပုန်းဝပ်နေရာယူထားကြောင်း နိရဥ္စရာ၏သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် AA က မြို့ပေါ်သို့ဝင်ရောက်တိုက်ခိုက်မည်စိုးရိမ်၍ နိုဝင်ဘာလ ၁၇ ရက်နှင့် ၁၈ ရက်တွင် မြို့နှင့်ချိတ်ဆက်ထားသည့် ကျေးရွာချောင်းကူးတံတား ၃ စင်းကိုအတင်းဖြိုဖျက်ခိုင်းခဲ့သည်။

ကိုင်းရှည်ရပ်ကွက်နှင့် တောင်ကုတ်မြို့မဈေးကြီးကိုချိတ်ဆက်ထားသည့်တံတား၊ တောင်ရွာကျေးရွာနှင့် တောင်ကုတ်မြို့ဘက်ကမ်း မှိုဟင်းတောကျေးရွာကို ချိတ်ဆက်ထားသည့်တံတား၊ သလိန်ပြင်ကျေးရွာနှင့် တောင်ကုတ်မြို့ဘက်ကမ်း ဝက်ကျိပ်ကျေးရွာသို့ချိတ်ဆက်ထားသည့်တံတားများကို ဖြိုဖျက်ခိုင်းခဲ့ခြင်း ဖြစ်ကြောင်း မြို့ခံများကပြောသည်။

၇ခိုင်တိုက်ပွဲစတင်သည့် နိုဝင်ဘာလ ၁၃ ရက်ညနေပိုင်းကပင် တောင်ကုတ်ခရိုင်ထဲမှ တန်းလွဲရွာမမြို့ရဲစခန်းနှင့် လမူးစံပြတိုက်နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှာ ရက္ခိုင့်တပ်တော် AA ကစီးနင်းတိုက်ခိုက်မည်စိုး၍ စခန်းများကိုလက်လွှတ်၍ မြို့ပေါ်သို့ထွက်ပြေးသွားကြောင်း ဒေသခံများက ပြောသည်။ (NN-23)

 

ဓာတ်ပုံ- ပုံဟောင်း

#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.