တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်လော်ဘီများထုတ်လွှင့်သည့် "ရခိုင်ပြည်နယ်အစိုးရအဖွဲ့" အမည်ရှိ လူမှုကွန်ရက်စာမျက်နှာ ၄င်းတို့နှင့်မသက်ဆိုင်ဟု ပြည်နယ်စစ်ကောင်စီထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.7k

စစ်လော်ဘီများ ထုတ်လွှင့်နေသည့် "ရခိုင်ပြည်နယ်အစိုးရအဖွဲ့"အမည်ရှိ လူမှုကွန်ရက်စာမျက်နှာသည် ၄င်းတို့နှင့်မသက်ဆိုင်ဟု ပြည်နယ် စစ်ကောင်စီက ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်စစ်ကောင်စီ၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာ တစ်ခုဖြစ်သည့်  "သိကြားစေချင် ငွေသဇင်" Page မှတဆင့် ယနေ့ နိုဝင်ဘာ ၂၄ ရက်တွင် ထိုသို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

"ခုတလော ရခိုင်ပြည်နယ်အစိုးရအဖွဲ့ page အဖြစ် လှုမှုကွန်ရက်မှာ တွေ့လာရပြန်တယ်။ ရေးသားဖော်ပြချက်တွေက ရိုးရိုးသားသား အစိုးရလှုပ်ရှားမှုပုံရိပ်တွေမဟုတ်ဘဲ လက်သီးပုန်း အမုန်းစကားတွေ ပါလာတာတွေ့လာရတယ်။ အစိုးရအဖွဲ့ကို ထင်ယောင်ထင်မှားဖြစ်ပြီး ပုံရိပ်ကျစေနိုင်ပါတယ်။ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့အမည်နဲ့ FB Page တင်ပြီး လူမှုမီဒီယာမှာ စီမံဆောင်ရွက်နေတာ မရှိပါဘူး"ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ "ရခိုင်ပြည်နယ်အစိုးရအဖွဲ့"Facebook Page တွင် ယခင်က ရခိုင်ပြည်နယ်စစ်ကောင်စီဝန်ကြီးချုပ် ဗိုလ်မှူးကြီးဟောင်း ဦးထိန်လင်းနှင့် ပြည်နယ်စစ်ကောင်စီတို့၏ လှုပ်ရှားဆောင်ရွက်မှုများကို ရေးသား ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် ထင်ယောင်ထင်မှား စစ်ပွဲသတင်းများကို ရေးသားဖော်ပြလာသည်။

အလားတူ ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ်စစ်ကောင်စီဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်ကျော်မင်းနှင့် ပြည်နယ်စစ်ကောင်စီတို့၏ လှုပ်ရှား ဆောင်ရွက်မှုများကိုလည်း ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

ယခု တကျော့ပြန်စစ်ပွဲ စတင်ဖြစ်ပွားသည့် နိုဝင်ဘာ ၁၃ ရက် နောက်ပိုင်းတွင်ဆိုလျှင် အဆိုပါ "ရခိုင်ပြည်နယ်အစိုးရအဖွဲ့"Page သည် လက်ရှိ ရခိုင်စစ်ရေးအတွင်း စစ်ကောင်စီတပ်များ၏ဆောင်ရွက်ချက်များနှင့် ရက္ခိုင့်တပ်တော်(AA)ကို ထိုးနှက်တိုက်ခိုက်သည့်စာများကို ရေးသားလာသည်ကိုတွေ့ရသည်။

ရခိုင်ပြည်နယ်စစ်ကောင်စီပြောခွင့်ရသူက  "ဒီ page က ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲ၊ ဘယ်သူလုပ်နေတာလဲ မသိပါဘူး"ဟုလည်း ရေးသားထုတ်ပြန်ထားသည်။

ဆက်သွယ်ရေးဥပဒေအရ အရေးယူရန် စောင့်ကြည့်နေသည်ဟုလည်း ဆိုသည်။

လက်ရှိ အဆိုပါ Page ကို Like လုပ်ထားသူ ၄ ထောင်ကျော်နှင့် Follow လုပ်ထားသူ ၆ ထောင်ခန့်ရှိသည်ကိုတွေ့ရသည်။

ယခင် ရခိုင်ပြည်နယ်စစ်ကောင်စီဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်ကျော်မင်း ပြည်နယ် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့စဥ်ကလည်း သူ၏လှုပ်ရှား ဆောင်ရွက်မှုများနှင့် ပြည်နယ်စစ်ကောင်စီတို့၏ လှုပ်ရှားဆောင်ရွက်မှုများကို တစိုက်မတ်မတ် တင်ပြခဲ့သည့် Dr.Aung Kyaw Min အမည်ရှိ လူမှုကွန်ရက် စာမျက်နှာ Page တစ်ခုပေါ်ပေါက်ခဲ့သေးသည်။

ယင်း Page ဖွင့်ထားသည်ကို ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းကိုယ်တိုင် သိရှိခြင်းမရှိသဖြင့်  ၄င်းတို့နှင့်မသက်ဆိုင်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီက ပြီးခဲ့သည့်နှစ်တွင် သတင်း ထုတ်ပြန်ခဲ့ဖူးသည်။ (NN-16)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!