ကြာသပတေး၊ အောက်တိုဘာလ ၃၁ရက်၊ ၂၀၂၄

ရခိုင်တိုက်ပွဲ မြေပုံမြို့နယ်အထိကျယ်ပြန့်လာ


  • ရေးသူ: Web Master (NN 03)
  • | ရက်စွဲ: ၂၄ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 6.7k

(မြေပုံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးအား သုတ်သင်နိုင်ခဲ့ဟု ညီနောင်မဟာမိတ် (၃) ဖွဲ့ထုတ်ပြန်)

ရခိုင်တွင်ဖြစ်ပွားနေ​သော တိုက်ပွဲသည် မြေပုံမြို့နယ်အထိ ကျယ်ပြန့်လာပြီး ယနေ့ နိုဝင်ဘာ ၂၄ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

 

ညီနောင်မဟာမိတ်(၃) ဖွဲ့၏ ယနေ့ထုတ်ပြန်ချက်အရ  ၁၀၂၇ စစ်ဆင်ရေးလှုပ်ရှားရာဒေသများတွင် စစ်ရှိန်ဆက်လက်မြင့်တက်လျက်ရှိပြီး ယနေ့ နိုဝင်ဘာလ (၂၄) ရက် နေ့လယ် (၃) နာရီအချိန်ခန့်၌ ရခိုင်ပြည်နယ်၊ မြေပုံမြိုနယ်အတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို ထိတွေ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့စဥ် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ဦးအားလည်း သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ဖြစ်ပွားခဲ့သည့်နေရာကို ဖော်ပြထားခြင်း မရှိပါ။  

 

ထို့အပြင် ချင်းပြည်နယ် ပလက်ဝမြိုနယ်ရှိ စစ်ကောင်စီ၏ အခိုင်အမာစခန်းချထားသော တရွန်အိုင် ဗျူဟာ နှင့် နှုံးဘူး ဗျူဟာနှစ်ခုတို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးတိုက်ပွဲသည်လည်း ပြင်းထန်လျက် ရှိသည်ဟု ထုတ်ပြန်ထားသည်။

 

ယနေ့တွင် ရန်သူသည် ဂျက်တိုက် လေယာဉ်၊ ရဟတ်ယာဉ်တို့ဖြင့် (၈) ကြိမ်တိုင်တိုင် ၎င်းနေရာများကို လာရောက်တိုက်ခိုက်ရသည်အထိ တိုက်ပွဲများပြင်းထန်ခဲ့သည်ဟုလည်းဆိုသည်။

 

ရခိုင်တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်မှ စတင်၍ ရက္ခိုင့်တပ်တော်(AA) နှင့် မြန်မာစစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေခဲ့ခြင်းဖြစ်ပြီး ရက္ခိုင့်တပ်တော်က စစ်ကောင်စီစခန်းများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်နေကာ၊ စစ်ကောင်စီမှလည်း စခန်းများကို စွန့်ခွာပြီး ထွက်ပြေးနေကြသည်များလည်း ရှိနေသည်။

 

ရက္ခိုင့်တပ်တော်သည် လက်ရှိတွင် နယ်ခြားစောင့်စခန်း ၄ ခုကို သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ စွန့်ခွာသွားသည့် စခန်းကြီးငယ် ၄၀ ကိုလည်း သိမ်းပိုက်ထားသည်ဟု သိရှိရသည်။   (NN-3)

ဆက်စပ် သတင်းများ