တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်တိုက်ပွဲများကြောင့် နယ်စပ်ဖြတ်ကျော်ဝင်ထွက်မှုမရှိစေရန် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များ ညွှန်ကြား


  • ရေးသူ: Web Master (NN 14)
  • | ရက်စွဲ: ၂၅ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.5k

ရခိုင်ပြည်တွင် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများကြောင်း တရားမဝင်လမ်းကြောင်းများမှ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများမရှိစေရန်  ဘင်္ဂလာနယ်ခြားစောင့်တပ်များကို ဘင်္ဂလာအာဏာပိုင်များက ညွှန်ကြားထားကြောင်း သိရသည်။

ရခိုင်ပြည်နယ် အနောဘက်နယ်စပ် မောင်တောမြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နယ်စပ်တစ်လျှောက် လက်နက်ကြီး ပစ်ခတ်သံများ ထွက်ပေါ်လာပြီးနောက် ထိုသို့ ညွှန်ကြားထားကြောင်း The Prothom Alo ဘင်္ဂလီသတင်းစာတွင် ရေးသားဖော်ပြသည်။

ဘင်္ဂလာအစိုးရမှ နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက တရားမဝင် နယ်စပ်ဖြတ်ကျော်မှု မရှိစေရန် ညွှန်ကြားထားခြင်းပြီဖြစ်ကြောင်း သတင်းထောက်များကို နိုဝင်ဘာ ၂၂ ရက်က ပြောဆိုခဲ့သည်ဟု ၎င်းသတင်းတွင် ရေးသားသည်။

၎င်းပြင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဘင်္ဂလာဒေ့ချ်နိုင်ငံအတွင်းကို တရားမဝင် နယ်စပ်ဖြတ်ကျော်ရန် ကြိုးစားမှုများရှိခဲ့သည်ဟုလည်း ဆိုသည်။

ရက္ခိုင့်တပ်တော်က သိမ်းယူခဲ့သည့် ဒုံးညိုနယ်ခြားစောင့်စခန်းသည် ဘင်္ဂလားဒေ့ရှ်နှင့် နီးကပ်စွာ တည်ရှိပြီး ၎င်းစခန်းကို တိုက်ခိုက်ခဲ့စဉ်က  စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့သလို လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့သဖြင့် ပေါက်ကွဲသံများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်တစ်လျှောက်ကပါ ကြားခဲ့ရသည်ဟု  သိရသည်။

ထို့အပြင် ဘင်္ဂလာဒေ့ချ်နိုင်ငံတွင် မကြာမီကျင်းပရန်ရှိသည့် ရွေးကောက်ပွဲတွင် မွတ်ဆလင် ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များကို မရိုးသားသည့်နည်းဖြင့် အသုံးချမှုမရှိစေရေးကို စောင့်ကြည့်နေပြီး မြန်မာနိုင်ငံတွင် တည်ငြိမ်မှုပြန်လည်ရှိလာပါက မွတ်ဆလင် ဒုက္ခသည်များကို ပြန်ပို့ရေးလုပ်ငန်းများကိုလည်း စတင်နိုင်မည်ဟု အဆိုပါအရာရှိက ပြောဆိုခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော် (AA) သည်  ထိုးစစ်စတင်သည့် ပထမနေ့ နိုဝင်ဘာလ (၁၃) ရက်တွင် ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်း၊ နိုဝင်ဘာလ (၁၄) ရက်တွင် "ချိန်ခါလီ" နယ်ခြားစောင့် တပ်စခန်း၊ နိုဝင်ဘာလ (၁၇) ရက်တွင် မောင်တောအခြေစိုက် "ဒုံးညို"နယ်ခြားစောင့် တပ်စခန်းနှင့် နိုဝင်ဘာလ ၂၁ ရက်တွင် ဘူးသီးတောင် အခြေစိုက် စစ်ကောင်စီ၏ "ခထီးလှ" တပ်စခန်းတို့ ကို သိမ်းပိုင်ရရှိထားပြီဟု သတင်ထုတ်ပြန်ထားသည်။ ​NN-14

ဆက်စပ် သတင်းများ