ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မေယုကမ်း အငူမော်နယ်ခြားစောင့်စခန်းနှင့်တောင်ဦးစစ်တပ်စခန်းတို့ကို ရုပ်သိမ်းသွားပြီဟု သတင်းရရှိသည်။
၎င်းတပ်စခန်းမှ စစ်ကောင်စီတပ်သားများနှင့် နယ်ခြားစောင့်ရဲများကိုနိုဝင်ဘာ ၂၄ ရက် ညအချိန်က စစ်တွေဘက်သို့ ဇက်ရေယာဉ်နှင့် အတူ ယူဆောင်သွားခဲ့သည်ဟု သိ၇သည်။
"မနေ့က ညက ၁၀ နာရီကျော် ၁၁ နာရီလောက်က ထွက်ပြေးသွားကြတာ။ အငူမော်မှာကအင်အားက ၁၀၀ ကျော်လောက်ရှိမယ်ထင်တယ်။အားလုံးကို ဇက်နဲ့ချသွားတာ။ စခန်းကတော့ ဒီအတိုင်း အခွံကျန်ခဲ့တယ်"အငူမော်ဒေသခံတစ်ဦးက ပြောသည်။
မေယုကမ်းတောင်ဦးတွင် တပ်စွဲထားသည့်စစ်သား ၁၀၀ ကျော်လည်း စွန့်ခွာသွားခဲ့သည်ဟုသိ၇သည်။
ဒေသခံတစ်ဦးက “ဒီတောင်ဦးမှာရော၊ အငူမော်နယ်ခြားစောင့်စခန်းမှာရော တစ်ဦးမှမရှိတော့ပါဘူး။ အကုန်လုံး စခန်းကို စွန့်ခွာသွားကြပါပြီ” ဟု ပြောကြားသည်။
၎င်းစစ်သားနှင့် နယ်ခြားစောင့်တပ်သားများအား စစ်တွေ (သို့မဟုတ်)ပေါက်တောတွင် အင်အားဖြည့်တင်းရန် ဖြစ်နိုင်သည်ဟု ရခိုင် စစ်ရေးလေ့လာသုံးသပ်သူ တစ်ယောက်ကပြောသည်။
အဆိုပါ စခန်းနှစ်ခုသည် နိုဝင်ဘာ ၁၃ နှင့် ၁၄ ရက်များက ရက္ခိုင့်တပ်တော်သိမ်းပိုက်ခဲ့သည့် ဒုံးပိုက်စခန်းနှင့် ချိန်ခလီစခန်းတို့နှင့် နီးကပ်စွာတည်ရှိသည့်စခန်းများဖြစ်ကြသည်ဟု သိ၇သည်။ (NN-30)
ပုံစာ- စက်လှေများနောက်ရှိ ကုန်းပေါ်တွင် မြင်ရသည့် အဝါရောင်အဆောက်အဦသည်အငူမော်နယ်ခြားစောင့်စခန်းဖြစ်သည်။