တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ပေါက်တောမြို့ သင်္ဘောဆိပ်အနီး စစ်ကောင်စီ နေဗီတစ်စီး လက်နက်ကြီးကျ၍ မီးလောင်နေ


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၂၅ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.4k

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့သို့ ဆိုက်ကပ်လာသည့် စစ်ကောင်စီ နေဗီတစ်စီး ယနေ့ နိုဝင်ဘာ ၂၅ ရက်၊ မွန်းလွဲ ၁၂ နာရီကျော်တွင် လက်နက်ကြီးကျ၍ မီးလောင်နေကြောင်း ဒေသခံများကပြောသည်။

ပေါက်တောမြို့ သင်္ဘောဆိပ်အနီးသို့ ဆိုက်ကပ်လာသည့် စစ်ကောင်စီနေဗီ လေးစီးအနက် တစ်စီးတွင် လက်နက်ကြီးကျ၍ မီးလောင်သွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

"အဝေးကနေလှမ်းမြင်နေရတာ။ မီးခိုးတွေအများကြီးထွက်ပြီး လောင်နေတာ။ စက်လှေတွေဆိုရင် သာမန်မီးခိုးတွေလည်း မထွက်နိုင်ဘူး။ ဒီနေဗီက အရင်ရွာချောင်းကြီးအောက်ဘက်မှာကပ်ထားတာ အရင်က။ အခုပေါက်တောမြို့ကို ကပ်တဲ့အခါ အပစ်ခံလိုက်ရတာ။ ပေါက်ကွဲသံတွေလည်း ကိုယ်တိုင်ကြားနေရတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ လက်နက်ကြီးကျ၍ မီးလောင်နေသည့် နေဗီသည် နေ့လယ် ၁ နာရီကျော်အထိ ပေါက်တောဆိပ်ကမ်းအနီးတွင် မီးခိုးများထွက်ကာ ရှိနေသေးသည်ဟု ဒေသခံများကပြောသည်။

အဆိုပါ မီးလောင်ကျွမ်းနေသည့် စစ်ကောင်စီရေယာဉ်ကို သင်္ဘောဆိပ်အနီးအရောက်တွင် ရက္ခိုင့်တပ်တော်(အေအေ)က ပစ်ခတ်လိုက်ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အေအေက ပစ်ခတ်ခြင်းဟုတ်/မဟုတ် မေး​မြန်းရန် အေအေ ပြောခွင့်ရသူ ဦးခိုင်သုခကို ဆက်သွယ်နေဆဲဖြစ်သည်။

ပေါက်တောမြို့ပေါ်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(အေအေ)တို့သည် နိုဝင်ဘာ ၂၁ ရက်နှင့် နိုဝင်ဘာ ၂၂ ရက်တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၄၈ ဦးကျဆုံးကာ ဒရုန်းစက်များအပါအဝင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းတချို့အား အေအေကသိမ်းဆည်းနိုင်ခဲ့သည်ဟု ရက္ခိုင့်တပ်တော်(အေအေ)က သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲများဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီဘက်က နေဗီစစ်ယာဉ်များက လက်နက်ကြီးပစ်ကူပေးခြင်းနှင့် စစ်တွေ အမှတ်(၁၂) ရဲတပ်ရင်းကလည်း လက်နက်ကြီးများ ပစ်ကူပေးခဲ့သည်။

လက်ရှိ ပေါက်တောမြို့အတွင်းတွင်လည်း စစ်ကောင်စီ ရေယာဉ်က လက်နက်ကြီးပစ်ခတ်ကျရောက်မှုကြောင့် ယနေ့နံနက် ၁၁ နာရီကျော်ခန့်မှစ၍ မြို့အတွင်းရှိ ရပ်ကွက်အချို့တွင် မီးများလောင်ကျွမ်းနေပြီး မီးငြှိမ်းသတ်ခြင်းမရှိသေးကြောင်း သိရသည်။ (NN-8)

ဓာတ်ပုံ- CJ

 

 

ဆက်စပ် သတင်းများ