စနေ၊ မေလ ၁၁ရက်၊ ၂၀၂၄

စစ်ကောင်စီ၏ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲ၍ ပေါက်တောမြို့ မီးထပ်လောင်နေ


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၂၅ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 895

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျည်များ ထပ်မံကျရောက်ပေါက်ကွဲ၍ ယနေ့နံနက် ၁၁ နာရီခွဲကျော်ခန့်မှစ၍ ပေါက်တောဈေးအနီးဝန်းကျင်၌ မီးထပ်လောင်နေသည်ဟု ဒေသခံများက ပြောသည်။


ယနေ့ နိုဝင်ဘာ ၂၅ ရက်၊ မွန်းလွဲ ၁၁ နာရီကျော်ခန့်တွင် ပေါက်တောမြို့နယ်၊ ရဖီးချပ်တောင်အနီးရှိ စစ်ကောင်စီ၏ နေဗီနှင့် စစ်တွေရှိ အမှတ်(၁၂)ရဲတပ်ရင်းတို့က ပေါက်တောမြို့သို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေခဲ့သည်ဟု သိရသည်။
 

အဆိုပါလက်နက်ကြီးကျည်များ ပေါက်တောမြို့ထဲသို့ ကျရောက်ပေါက်ကွဲပြီး ပေါက်တောမြို့ဈေးအနီးဝန်းကျင် လူနေရပ်ကွက်အချို့ နေရာ သုံးနေရာခန့်တွင် မီးလောင်နေခြင်းဖြစ်သည်ဟု သိရသည်။
 

ဒေသခံတစ်ဦးက "ပေါက်တောမြို့ ထပ်ပြီးမီးလောင်နေပါတယ်။ သဝင်ချောင်းနားမှာရှိတဲ့ ရဖီးချပ်တောင်နားက နေဗီကနေထပ်ပစ်တာ။ မီးလောင်တာက ၁၁ နာရီ ၅၀ မိနစ်လောက်က စလောင်တာ။ မီးခိုးထွက်နေတာကို မြင်ရတယ်။ စျေးဘက်မှာလည်း လောင်နေတယ်လို့ ကြားမိတယ်" ဟုပြောသည်။

ပေါက်တောမြို့ရှိ မြစ်ကမ်းနား ဈေးအနီးဝန်းကျင်တွင် လောင်ကျွမ်းနေခြင်းဖြစ်ကြောင်း အခြားဒေသခံတစ်ဦးက နိရဉ္စရာသို့ပြောသည်။

နောက်ထပ်ဒေသခံတစ်ဦးက "မြစ်ကမ်းနားမှာပါ။ ဈေးအနီးလောင်နေတာပါ။ နေဗီကပစ်တဲ့လက်နက်ကျလို့ပါ" ဟု ပြောသည်။
 

ပေါက်တောမြို့ထဲတွင် စစ်ကောင်စီလက်နက်ကြီးကျည်ကျရောက်၍ မီးလောင်နေသည်ကို အနီးအနားကျေးရွာများနှင့် မြစ်ကမ်းနားများကမြင်တွေ့နေရပြီး မီးလောင်၍ မီးခိုးထွက်နေသည့်နေရာသည် နှစ်နေရာထက်မနည်းရှိနိုင်ကြောင်း ၎င်းဒေသခံများက ခန့်မှန်းပြောဆိုသည်။

နောက်ထပ် ဒေသခံတစ်ဦးက "ဘဝမ်းကလို့ပြောကြပါတယ်။ အကွက် (၄)၊ အကွက် (၅)၊ သ​င်္ဘောဆိပ်ဆိုတာ အားလုံး ဘဝမ်းပါပဲ။ အဲ့ဒီနားက လောင်နေတာကို အများကြီးမြင်ရပါတယ်"ဟုပြောသည်။

 

ထို့အပြင် ပေါက်တောမြို့သို့ ဆိုက်ကပ်လာသည့် စစ်ကောင်စီ နေဗီတစ်စီးသည်လည်း ယနေ့ နိုဝင်ဘာ ၂၅ ရက်၊ မွန်းလွဲ ၁၂ နာရီကျော်တွင် အေအေမှပစ်ခတ်လိုက်သည့် လက်နက်ကြီးကျ၍ မီးလောင်ခဲ့ကြောင်းလည်း ခိုင်မာသည့် သတင်းရင်းမြစ်များက ပြောသည်။

ပေါက်တောမြို့ထဲသို့ စစ်ကောင်စီ၏နေဗီက လက်နက်ကြီးဖြင့်ပစ်ခတ်၍ နိုဝင်ဘာ ၂၃ ရက်ကလည်း မြို့ထဲတွင် ပထမအကြိမ် မီးလောင်မှုဖြစ်ပွားခဲ့သေးသည်။

ပေါက်တောမြို့တွင် ပြီးခဲ့သည့်နိုဝင်ဘာလ ၁၆ ရက်က ပေါက်တော မြို့မရဲစခန်းတစ်ခုလုံးကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ခဲ့ပြီဟုသတင်းများထွက်ပေါ်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က နေ့လယ်ပိုင်းတွင် ဟတ်စကီး (၁) စီးဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ကာ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ပေါက်တောမြို့နှင့် နေရာအနှံ့အပြားသို့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။
 

ပေါက်တောမြို့ထဲရှိ လောကထိပ်ပန်ဘုရားရင်ပြင်၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော်(AA)က နိုဝင်ဘာလ ၂၁ ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းဆီးထားသည့် အရပ်သားများထဲမှ လူပေါင်း(၁၀၀) နီးပါးကို ကယ်ထုတ်နိုင်ခဲ့သလို နိုဝင်ဘာ ၂၂ ရက်နေ့တွင်လည်း ကျန်ရှိနေသေးသော လူသားဒိုင်းကာအဖြစ် ပြန်ပေးဆွဲခံထားရသည့် ပေါက်တောမြို့သူ မြိုသားများနှင့် မိမိတို့နေအိမ်တချို့၌ပုန်းခိုနေကြသည့် မြို့ခံ စုစုပေါင်း ၁၀၄ ဦးကို ဒုတိယအကြိမ် ကယ်ထုတ်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်ထားသည်။

 

ဆက်စပ် သတင်းများ