စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

အိန္ဒိယနယ်စပ်ရှိ ထရွန်အိုင်နှင့်နှုံးဘူးကိုတိုက်တာ ရခိုင်ပြည်နယ်နှင့်ရခိုင်ပြည်သူလူထုအပေါ်ထားရှိသည့် AA၏ စေတနာလားဟု စကစပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းမေးခွန်းထုတ်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၆ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 6.6k

( TNLA နှင့် AA သည်  ကျောက်မဲ မြို့နယ်တွင်ရှိသည့် တရုတ်-မြန်မာ ရေနံသဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း ထိန်းချုပ်ရေးစခန်းတစ်ခုကို ဝင်ရောက်ဖျက်ဆီးသွားသည်ဟုလည်း စွပ်စွဲပြောဆို)

“ရက္ခိုင့်တပ်တော်(AA)က  အိန္ဒိယနယ်စပ်ရှိ ထရွန်အိုင်နှင့် နှုံးဘူး (နှုံးဗူး) စစ်ဗျူဟာများကို တိုက်တာ ရခိုင်ပြည်နယ်နှင့် ရခိုင်ပြည်သူလူထု အပေါ်ထားရှိတဲ့ စေတနာလား” ဟု စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းမေးခွန်းထုတ်လိုက်သည်။

နိုဝင်ဘာ ၂၅ ရက်နေ့က ရခိုင်အပါအဝင် တစ်နိုင်ငံလုံးဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး ပြောကြားစဉ် ၎င်းက ထိုသို့ မေးခွန်းထုတ်သွားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေဖြစ်တဲ့ ရခိုင်ပြည်နယ် ထရွန်အိုင်နဲ့ နုန်းဘူးမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု ရှိခဲ့ပါတယ်။ ပလက်ဝရဲ့ မြောက်ခြမ်းနေရာဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော် ယခင်ကပြောခဲ့သလို အဓိကကအားဖြင့် ချင်းတိုင်းရင်းသား လူမျိုးစုများ နေထိုင်ရာ ဖြစ်ပါတယ်။ ဒီစခန်းနှစ်ခုသည် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းဖောက်လုပ်တဲ့နေရာမှာ အဓိကထားတဲ့ လုံခြုံရေးစခန်း ဖြစ်ပါတယ်။ AA အကြမ်းဖက်သောင်းကျန်းသူများအနေနဲ့ အိန္ဒိယနဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံဆက်သွယ်ရေး လမ်းကြောင်းပွင့်လာမှာကို မလိုလားဘဲနဲ့ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်သည် ယခင်က လမ်းပန်းဆက်သွယ်မှု အလွန်ခက်ခဲတဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်၊ ရေလမ်းကြောင်းကိုသာ အဓိကထားဆက်သွယ်ရတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ နဝတ၊ နယက (နာမည် သတင်းစာပါ မူရင်းအတိုင်း ဖော်ပြပါသည်)  အစိုးရလက်ထက်မှာမှ ရခိုင်ပြည်နယ်ရဲ့ မြောက်ပိုင်းဒေသဖြစ်တဲ့ အမ်း၊ စစ်တွေ ဒေသကို ပြည်ထောင်စု လမ်းမကြီးဖောက်လုပ်ပြီး စတင်ဖွံ့ဖြိုးတိုးတက်စေခဲ့တာ ဖြစ်ပါတယ်။ ယခုအချိန်မာတော့အိန္ဒိယနိုင်ငံနဲ့ ဆက်သွယ်တဲ့ လမ်းကိုအဓိကထား တိုက်ခိုက်နေတာဟာ AA က ရခိုင်ပြည်နယ်၊ ရခိုင်ပြည်သူလူထု အပေါ်ထားရှိတဲ့ စေတနာလားလို့ပဲ မေးခွန်းထုတ်စရာ ဖြစ်တယ်လို့ ပြောကြားလိုပါတယ်”ဟု ပြောဆိုသွားခဲ့သည်။


၎င်းပြင် TNLA နှင့် AA အဖွဲ့သည်  ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲ မြို့နယ် ဇီပင်ကျေးရွာ အနီးတွင်ရှိသည့် တရုတ် - မြန်မာ ရေနံသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်ရေးစခန်း တစ်ခုကို နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ဝင်ရောက်နေထိုင်ပြီး ထိန်းချုပ် ရေးစခန်းအတွင်း၌ ရှိသည့် ဆက်သွယ်ရေးကိရိယာများ ၊ လုံခြုံရေးကိရိယာများ ၊ လုပ်ငန်းသုံးပစ္စည်းများကိုလည်း ဝင်ရောက် ဖျက်ဆီးသွားသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲ ပြောဆိုသွားသည်။

“ သူတို့က နှစ်နိုင်ငံ ရဲ့ အကျိုးစီးပွားကို ထိခိုက်အောင်ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရပါတယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနေရာတွေမှာ  လုံခြုံရေး တိုးမြင့်ချထားပြီး လုံခြုံမှုရိအောင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောလိုပါတယ်” ဟုလည်း ၎င်းက ပြောဆိုသွားသည်။

၎င်းပြင် ဗိုလ်ချုပ်ဇော်မင်းထွန်းက လက်ရှိ စစ်ကောင်စီအနေဖြင့် အမျိုးသားရေး ရည်မှန်းချက် နှစ်ရပ်ဖြစ်သည့်  တိုင်းပြည်သာယာဝပြောရေး၊ စားရေးရိက္ခာဖူလုံရေး၊ နိုင်ငံရေးရည်မှန်းချက်ဖြစ်သည့်  ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ပြည်ထောင်စု စနစ်တည်ထောင်ရေးတို့ကို ဆက်လက် ဆောင်ရွက်သွားမည်ဟုလည်း ပြောဆိုသွားခဲ့သည်။ (NN-30)

ဓာတ်ပုံ- ဗိုလ်ချုပ်ဇော်မင်းထွန်း (VOM)

ဆက်စပ် သတင်းများ