စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

AA က မောင်တောမြို့နယ် ကိုင်းကြီးနယ်ခြားစောင့်တပ်ဖွဲ့ ကို တိုက်ခိုက် ၈ ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2k

ရက္ခိုင့်တပ်တော် (AA)က မောင်တောမြို့နယ် ကိုင်းကြီးနယ်ခြားစောင့်တပ်ဖွဲ့ ကို တိုက်ခိုက်ခဲ့ရာ ၈ ဦးသေဆုံးခဲ့သည်ဟု ညီနောင် မဟာမိတ် ၃ ဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။

သတင်းထုတ်ပြန်ချက်တွင် ရက္ခိုင်ဒေသ စစ်ရေးအခြေအနေကိုလည်း ဖော်ပြခဲ့ရာ AAသည် မောင်တော မြို့နယ်၊ ကိုင်းကြီးစခန်းအနီးရှိ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့အား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၈ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိခဲ့ဟု ဖော်ပြထားသည်။


ဒေသခံ သတင်းရင်းမြစ်တစ်ဦးက " ကိုင်းကြီးမှာ မနက် ၁၀ နာရီလောက် ကတည်းကဖြစ်တာပါ။ အေအေ စစ်မေလေးတွေလည်း ဝင်ပြီး တိုက်ခိုက်နေတယ်။ နယ်ခြားစောင့်ဘက်က အကျအဆုံးများတယ်"ဟု နိရဉ္စရာကို ပြောသည်။

အဆိုပါတိုက်ပွဲကြောင့် အလယ်သံကျော်ကားလမ်းအနီးရှိ သားရေကုန်းဘောင်ရွာ၊ မောရဝတီနှင့် ကိုင်းကြီးစသည့် နတလရွာများမှ ကျေးရွာသားများတိုက်ပွဲ တိမ်းရှောင်နေရကြောင်း သိရသည်။

၎င်းပြင် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ၏ အခိုင်အမာစခန်းချထားသော “တရွန်အိုင်" ဗျူဟာ နှင့် “နှုံဘူး" ဗျူဟာနှစ်ခုကိုလည်း AA ဆက်လက်ထိုးစစ်ဆင်လျက်ရှိရာ ၁၂ရက်ကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွာ​နေပြီး စစ်ကောင်စီဘက်က လေကြောင်း ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

 

ပေါက်တောမြို့အတွင်း ဓားစာခံကယ်တင်ရေးတိုက်ပွဲများ ဆက်ရှိနေခဲ့ပြီး ကျန်ရှိနေသေးသော ပိတ်မိနေသည့် ဒေသခံပေါက်တောမြို့သူမြို့သားများအား ဆက်လက်ကယ်တင်ရန် ကြိုးစား လျက်ရှိသည်ဟု ဆိုသည်။

 

ပေါက်တောမြစ်ထဲရှိ စစ်ကောင်စီ၏ ရေတပ်သင်္ဘောမှ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပေါက်တောမြို့မဈေးကြီး အပါအဝင် နေရာ (၂) ခု၌ မီးလောင်ပျက်စီးခဲ့ဟု ထုတ်ပြန်

သည်။

 

ယမန်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့မဈေးကြီး မီးလောင်ပြာကျခဲ့ရပြီး ဖြစ်ကြောင်း ထုတ်ပြန်သည်။



 

ရှမ်းပြည်နယ် မြောက်ပိုင်း  သတင်းများနှင့် ပတ်သက်ပြီး ဖော်ပြရာတွင် သိန္နီမြို့နယ် နမ့်စလပ်ရွာ အခြေစိုက် စစ်ကောင်စီ၏ ခမရ(၅၆၇ )နှင့် (၅၆၈) တပ်ရင်း ဌာနချုပ် များကို ယမန်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ထံမှ သံချပ်ကာယာဉ် ၁စီး၊ ဟောင်ဝစ်ဇာအမြောက် ၂လက်နှင့် လက်နက်ခဲယမ်းများစွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အဆိုပါ စစ်ကောင်စီ တပ်စခန်းကို ကိုးကန့်တပ်မတော် (MNDAA) ၊ ရက္ခိုင့်တပ်တော် (AA) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့ပူးပေါင်းပြီး နိုဝင်ဘာ ၁၉ရက်မှ စတင်ထိုးစစ်ဆင်ခဲ့ရာ ၆ရက် အကြာတွင် အပြီးသတ် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့သည်ဟု ဖော်ပြသည်။

 

ပူးပေါင်းတပ်မှ တပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှုများစွာဖြင့် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီးတိုက်ပွဲအတွင်း ရန်သူ့တပ်ဖွဲ့ဝင် (၁၆) ဦးအား သုတ်သင်နိုင်ခဲ့ပြီး စစ်သုံ့ပန်း (၃၁) ဦးအား ဖမ်းဆီးရခဲ့ဟု အသိပေးသည်။ ဖမ်းဆီးရရှိထား​သော စစ်သားများကို စစ်သုံ့ပန်းဥပ​ဒေနှင့် အညီ ​စောင့်​ရှောက်ထား​ကြောင်းလည်း ဓါတ်ပုံနှင့်တကွ ထုတ်ပြန်သည်။



 

ထို့ပြင် သံချပ်ကာ (၁) စီး၊ ဟောင်ဝစ်ဇာ (၂) လက်နှင့် လက်နက်ခဲယမ်းအများအပြားကို ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း ဓါတ်ပုံနှင့်တစ်ကွထုတ်ပြန်သည်။

 

အဆိုပါ တပ်ရင်း ဌာနချုပ် ၂ခုကို သိမ်းပိုက်နိုင်ခဲ့၍ နမ့်စလပ်ဒေသ အတွင်းရှိ ရန်သူ့စခန်းအားလုံးကို ချေမှုန်းနိုင်ခဲ့ပြီး ဒေသတစ်ခုလုံးအား ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း အသိပေးသည်။

တအာင်းတပ်မတော်(TNLA)ကလည်း ယမန်နေ့တွင် လားရှိုး မြို့နယ်၊ ဟိုပင်ကျေးရွာအနီးတွင် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ခဲ့သည်ဟု သည်။ ထို့ပြင် နမ့်ခမ်းမြို့နယ် စခန်းသစ်ကုန်း တွင်လည်း တိုက်ပွဲ ဆက်ဖြစ်ခဲ့ပြီး စစ်ကောင်စီက Y12 တိုက်ခိုက်ရေးယာဉ် (၂) ကြိမ် လာရောက်ကာ လေကြောင်းတိုက်ခိုက်မှု အကြိမ် (၇၀) ကျော် ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။

 

စစ်တပ်က ​လေယာဥ်ဖြင့် စခန်းသစ်ကုန်းရှိ စစ်ကောင်စီတပ်များထံ လက်နက်ခဲယမ်းနှင့် ရိက္ခာများ လာချခဲ့သည် ဟု သိရသည်။ ( NN-30)


ပုံစာ- ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များနှင့် မဟာမိတ် တပ်ဖွဲ့ဝင်များ ရှမ်းမြောက်တိုက်ပွဲများတွင် အောင်ပွဲခံနေစဉ် ( ညီနောင်မဟာမိတ် ၃ ဖွဲ့)

ဆက်စပ် သတင်းများ