စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့နယ်တွင် ဒရုန်းဖြင့်တိုက်ခိုက်ခံရ၍ ဒေသခံ ၂ဦးပြင်းထန်ဒဏ်ရာရ


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၂၆ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k


ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်တပ်က လူနေကျေးရွာများကို ဒရုန်းဖြင့် ဗုံးပစ်ချ၍ ဒေသခံ ၂ဦး ကျည်စထိမှန်ကာ ပြင်းထန်စွာ ဒဏ်ရာရ ရှိသွားသည်ဟု သိရသည်။

၎င်းတို့နှစ်ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ခမောင်းတောကျေးရွာမှ အသက်(၃၀)ကျော်အရွယ် မဝင်းချေ ဖြစ်ပြီး သူမ၏ ဘယ်ဘက် မျက်စိဒဏ်ရာရရှိခဲ့ကာ  ရဲရိုးပြင်ကျေးရွာမှ ဦးစိန်သာထွန်း(၆၄)နှစ်တွင်  လက်တွင်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

"မဝင်းချေကတော့ ဒဏ်ရာပြင်းတယ်။ မျက်စိမှာကျည်စကျတာ။ သူ့မှာက ကလေးတွေနဲ့။ ဦးစိန်သာထွန်းမှာတော့ လက်မှာ ဒဏ်ရာရတယ်။ ဘယ်လက်မှာရတယ်ဆိုတာ သေချာ မသိရဘူး။  ဒီဘက်မှာ တိုက်ပွဲဖြစ်တာမရှိဘူး။ စစ်ကောင်စီက ဒရုန်းနဲ့ဗုံးလာချတာ။ ရွာလယ်တည့်တည့်မှာ ကျပါတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။


ပုဏ္ဏားကျွန်းမြို့နယ်တွင် ယနေ့နိုဝင်ဘာလ ၂၆ရက်၊ နေ့လယ် ၂နာရီ ၄၀ မိနစ်ခန့်လောက်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ခမောင်းတောကျေးရွာနှင့် ရဲရိုးပြင်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးလာချခြင်းဖြစ်သည်။

"ကျွန်တော်လယ်ကွင်းကနေ ရွာပြန်လာတော့ ဒရုန်းနဲ့ရွာလည်ကိုဗုံးချနေတာ။ ရွာမှာက လူတစ်ချို့ တစ်ဝက်မရှိဘူး။ တိုက်ပွဲစဖြစ်ကတည်း ပုဏ္ဏားကျွန်း ၅၅၀တပ်က လက်နက်ကြီး ပစ်လို့ရှောင်နေတာ။ အခုကျန်ခဲ့တဲ့လူတွေလည်း ထွက်ပြေးကုန်ကြပြီ" ဟု ခမောင်းတောရွာက ဒေသခံတစ်ဦးကပြောသည်။

ထိုသို့ဒရုန်းဖြင့်ဗုံးချပစ်ခတ်၍ ဒေသခံကျေးရွာသားများမှာ ဗုံးခိုကျင်းများနှင့် ဘေးလွတ်ရာကို ထွက်ပြေးရှောင်တိမ်နေရသည်ဟုလည်း သိရသည်။

၎င်းကျေးရွာနှစ်ရွာသည် စစ်တွေမြို့ ရွှေမင်းဂံဆိပ်ကမ်းချောင်း တစ်ဖက်ကမ်းတွင် တည်ရှိသည်ဟု သိရသည်။

လက်ရှိတွင်ပြင်းထန်ဒဏ်ရာရရှိသွားသူများကို စစ်တွေမြို့ဆေးရုံသို့ အရေးပေါ်ပို့ဆောင် ထားသည်ဟုလည်း သိရသည်။(NN-12)



ဆက်စပ် သတင်းများ