တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

စစ်ကောင်စီတပ်သားများပိတ်မိနေသဖြင့် ကြည်းရေလေအသုံးပြုပြီး လက်နက်ကြီးများဖြင့် ပေါက်တောမြို့ကို အဆက်မပြတ်ပစ်ခတ်နေ၍ မီးလောင်မှုထပ်ဖြစ်ပွား


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၇ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 4.4k

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ပေါ် တိုက်ပွဲတွင် အရှုံးနှင့် ရင်ဆိုင်နေရသည့် အပြင် စစ်သားအချို့လည်းပိတ်မိနေသဖြင့် စစ်ကောင်စီတပ်သည် ရေတပ်၊ လေတပ်နှင့် ကြည်းတပ်ကို အသုံးပြုပြီး လက်နက်ကြီးများဖြင့် မြို့ထဲကို အဆက်မပြတ် ပစ်ခတ်နေသည်ဟု သိရသည်။ ထိုသို့ ပစ်ခတ်နေသဖြင့် ပေါက်တောမြို့တွင် ယနေ့ ထပ်မံ မီးထပ်လောင်ကျွမ်းနေသည်ဟု သတင်းရရှိသည်။

ပေါက်တောမြို့သို့ ယနေ့ နိုဝင်ဘာ ၂၇ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က စစ်‌တွေ အခြေစိုက် ရဲတပ်ရင်း (၁၂)နှင့် စစ်ရေယာဉ်တို့မှ  လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်နေသလို လေယာဉ်ဖြင့် ဗုံးကြဲမှုများရှိသဖြင့် နေအိမ်တချို့ကို  မီးလောင်နေခြင်း ဖြစ်သည်ဟု ပေါက်တောမြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"၁၀ နာရီလောက်ကတည်းက ပေါက်တောကိုနေဗီက ဆက်တိုက်ပစ်နေတာ။ စစ်တွေဘက်ကလည်း ပစ်ပါတယ်။  တဖက်သတ်ပစ်နေတာ။ ပေါက်တော အမှတ်(၂)ရပ်ကွက်မှာ  ခုမီးလောင်နေတယ်။  ရပ်ကွက် ၂ ထဲမှာတော့ လူတွေတော့ မရှိတော့ဘူး" ဟု ဟုပြောသည်။

ယမန်နေ့ နိုဝင်ဘာ ၂၆ ရက်၊ ညနေခန့်ကလည်း စစ်ကောင်စီက ပေါက်တောမြို့ကို ဒရုန်းဗုံးနှင့် တိုက်ခိုက်ခဲ့သဖြင့် သေဆုံးသူနှင့် ဒဏ်ရာရရှိခဲ့သူများလည်းရှိသည်ဟု ပေါက်တောမြို့ခံ အမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။

"ပြာကျတော့မယ်။ သုံးလေးရက်ရှိပြီလောင်နေတာ။ မနေ့က လည်းပစ်တယ်။ ပိတ်မိနေတဲ့ လူတွေရှိတယ်။ မနေ့က ကောင်လေးတစ်ယောက် လက်နက်ထိလို့ လက်ပြတ်သွားတယ်" ဟုပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်၊ နံနက် ၁၁ နာရီခန့်ကလည်း ပေါက်တောမြို့တွင် စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျည်များ ထပ်မံကျရောက် ပေါက်ကွဲ၍ ပေါက်တောဈေးအနီးဝန်းကျင်၌ မီးထပ်လောင်ခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာ ၂၃ ရက်ကလည်း ပေါက်တောမြို့ထဲသို့ စစ်ကောင်စီ၏နေဗီက လက်နက်ကြီးဖြင့်ပစ်ခတ်၍ မြို့ထဲတွင် ပထမအကြိမ် မီးလောင်မှု ဖြစ်ပွားခဲ့သေးသည်။

ပေါက်တောမြို့ ပေါ်တွင် စစ်ကောင်စီစစ်သားအနည်းငယ် ကျန်ရှိနေပြီး မြို့ထဲတွင် ပိတ်မိနေသဖြင့် ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များ ရှိနိုင်မည့် နေရာဝန်းကျင်များကို လက်နက်ကြီးဖြင့် လှမ်းပစ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ကလည်း စစ်ကူရန် စစ်သားများကို တင်ဆောင်လာသည့် ဇက်ရေယာဉ်တစ်စီး ပေါက်တောမြို့ကို ကမ်းကပ်ရန် လာစဉ် အေအေက ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်သဖြင့် ကမ်းမကပ်နိုင်ခဲ့ဘဲ လှည့်ပြန်သွားခဲ့သည်ဟု သိရသည်။

ပေါက်တောမြို့တွင် ပြီးခဲ့သည့်နိုဝင်ဘာလ ၁၆ ရက်က ပေါက်တောမြို့မရဲစခန်း တစ်ခုလုံးကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က နေ့လယ်ပိုင်းတွင် ရဟတ်ယာဉ်  (၁) စီးဖြင့် လာရောက်ပစ်ခတ်ခဲ့သလို စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့်လည်း ပေါက်တောမြို့နှင့် နေရာအနှံ့အပြားသို့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ (NN-11) (ဓာတ်ပုံ- မာရယု)

ဆက်စပ် သတင်းများ