စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းရှိ ကျေးရွာများအချို့အား ဒရုန်းအပါအဝင် လက်နက်ကြီးများဖြင့် စစ်တပ်က ပစ်ခတ်နေ၍ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ


  • ရေးသူ: Web Master (NN 09,NN 13)
  • | ရက်စွဲ: ၂၇ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.7k

ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်မှကျေးရွာများအချို့အား စစ်ကောင်စီကလက်နက်ကြီးများနှင့် ဒရုန်းများဖြင့်ပစ်ခတ်နေသည့် အတွက်ကျေးရွာအများအပြားသည် ရွာလုံးကျွတ်ပြေးထွက်တိမ်းရှောင်နေရကြောင်းကျေးရွာသားများကနိရဉ္စရာသို့ပြောသည်။

ယမန်နေ့ နိုဝင်ဘာ ၂၆ ရက်၊ ညနေ နာရီခွဲခန့်တွင် စစ်တွေ - ရန်ကုန် ကားလမ်းမကြီးဘေးတွင်တည်ရှိသော ကျောက်ဆိပ်ကျေးရွာသို့ စစ်ကောင်စီ နေဗီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်၍ ဘုတ်တစ်စီးမီးလောင်သွားပြီးနောက် ရွာထဲသို့ လက်နက်ကြီးများပစ်ခတ်မည်ကို ကြောင့်ကြစိုးရိမ်၍ တစ်ရွာလုံးနီးပါးဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ကျေးရွာသားက နိရဉ္စရာသို့ ပြောသည်။

"ရွာအနားက ဘုတ်မှာ ကျလို့ မီးလောင်ခဲ့တာပါ။ လက်နက်ကြီးကျလို့ ရွာသားတွေ ထွက်ပြေးကုန်ပြီ။ ကြောက်လို့ပေါ့" ဟု ကျောက်ဆိပ် ကျေးရွာသား တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

ယင်းအပြင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်တွင်လည်း ပုဏ္ဏားကျွန်း ခမရ (၅၅၀) တပ်ရင်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ()လုံးအနက် သုံးလုံးသည် ကျောက်ဆိပ်ကျေးရွာအနီး သမိုင်းဝင် တန်းတောင်စေတီရှိရာ တောင်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး နောက်ထပ်နှစ်လုံးသည် ကျေးရွာဝင်ဝ အစတွင် ကျရောက် ပေါက်ကွဲခဲ့သေးကြောင်း ယင်းကျေးရွာမှ ထွက်ပြေးနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

"ကျမတို့က အရင်တစ်ခေါက်ရွာနားမှာ ကျကတည်းက ထွက်ပြေးလာခဲ့တာပါ။ မနေ့ညကလည်း ရွာဝင်ဝအနားမှာ ကျတယ်လို့ သိရပါတယ်။ အခုကျတဲ့နေရာက ကျမတို့ ပြေးလာခဲ့တဲ့နေရာနဲ့ နီးနီးလေးပါ။ ဟိုအရင်တစ်ခါလို ရွာထဲကျပြီး ရွာသားတွေ သေကြသလိုမျိုးဖြစ်မှာကို ကြောက်လို့ပါ။ သူတို့( စစ်ကောင်စီ)က တခြားရွာတွေမှာလည်း ရွာထဲတွေကိုလည်း ပစ်နေတော့ စိုးရိမ်လို့ပေါ့" ဟု ပြောသည်။

လက်ရှိတွင် ကျောက်ဆိပ်ကျေးရွာ၏ အရှေ့ဘက် ကုလားတန်မြစ်ထဲတွင် စစ်ကောင်စီနေဗီတစ် ရောက်ရှိနေပြီး ပုဏ္ဏားကျွန်းမြို့ အမှတ် ၅၅၀ ခြေမြန်တပ်ရင်းကလည်း လက်နက်ကြီးများ ယနေ့ နံနက် ၁၁ နာရီအထိ ပစ်ခတ်နေကြောင်း ဆက်ပြောသည်။

ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၃ ရက်၊ နံနက် နာရီခန့်တွင် ပုဏ္ဏားကျွန်းမြို့ အမှတ် ၅၅၀ ခြေမြန်တပ်ရင်းက ပစ်လိုက်သည့် လက်နက်ကြီးကျည် ၎င်းကျေးရွာသို့ ကျရောက်ပေါက်ကွဲ၍ ကျေးရွာသား ဦးသေဆုံးပြီး ဦးထက်မနည်းဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည့်ဖြစ်စဉ်လည်း ရှိခဲ့သည်။

ထိုသို့ ပစ်ခတ်သဖြင့် နိုဝင်ဘာ ၂၆ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ ကျော်ဇံရွာအလယ် လမ်းမအလယ်သို့  လက်နက်ကြီးကျည်များ ကျရောက်ခဲ့သော်လည်း မပေါက်ကွဲခဲ့ဟု သိရသည်။

အလားတူ ယမန်နေ့၊ နေ့လယ် နာရီခွဲခန့်က စစ်တွေမြို့၊ ရွှေမင်းဂံဆိပ် ကမ်းချောင်း တစ်ဖက်ကမ်းတွင် တည်ရှိသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ခမောင်းတော ကျေးရွာနှင့် ရဲရိုးပြင်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဒရုန်းဖြင့် ဗုံးလာချခဲ့သည်။

ယင်းကြောင့် ခမောင်းတောကျေးရွာမှ အသက်(၃၀) ကျော်အရွယ် မဝင်းချေမှာ ဒဏ်ရာအပြင်းအထန်ရရှိပြီး နောက်ထပ် ရဲရိုးပြင်ကျေးရွာမှ ဦးစိန်သာထွန်း(၆၄)နှစ်တွင် လက်တွင်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

"မနေ့က နေ့လယ် ၂နာရီလောက်က ဒရုန်းနဲ့ပစ်တာလေ။ မြစ်ကမ်းနားက နေဗီနဲ့ နီးတော့လေ တက်လာချင်လာနိုင်ဆိုပြီး။ ကြောက်လို့ ကိုယ်လွတ်ရာကိုပြေးကြတာပေါ့။ လက်နက်ကြီးတွေကလည်း အမြဲတမ်းပစ်နေကြတာ။ သူတို့ (စစ်ကောင်စီ)က ရွာထဲကိုလည်း ပစ်နေတော့ အခုဆိုရင် ရွာမှာလူတွေမရှိသလောက်ဘဲ။ လူတွေက မနေရဲကြတော့ဘူး"ဟု ရဲရိုးပြင်ကျေးရွာမှ ထွက်ပြေးလာသည် အမျိုးတစ်ဦးက ပြောသည်။

လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျောက်ဆိပ်၊ ရဲရိုးပြင်၊ ခမောင်းတော၊ ယိုးငူစသည့်ကျေးရွာများအပါအဝင် ကျေးရွာအများအပြားသည် ဘေးလွတ်ရာသို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်လျက်ရှိကြသည်ဟု သိရသည်။

အဆိုပါနေဗီက ကျောက်ဆိပ်ကျေးရွာနှင့် နီးကပ်သော ယိုးငူကျေးရွာအပါအဝင် တခြား အနီးအနား ကျေးရွာများသို့လည်း လက်နက်ကြီးဖြင့် တစ်ညနေလုံး အဆက်မပြတ် ရမ်းသန်းပစ်ခတ်ခဲ့သည်ဟု AA ပါဝင်သော မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့က ယမန်နေ့ညတွင် ထုတ်ပြန်သည်။

ယခုကဲ့သို့ စစ်ကောင်စီက အရပ်သားနေသည့် မြို့ရွာများသို့ လက်နက်ကြီးများဖြင့် တမင် ရွယ်ရည်ချက် ရှိရှိပစ်ခတ်နေခြင်းမှာ အုပ်ချုပ်သူပီပီ ပြည်သူများအား အုပ်ချုပ်နေခြင်းဖြစ်သည်ဟု ရခိုင်လူမှုရေးလှုပ်ရှားသူများနှင့် ဒေသခံများက ဆိုသည်။ (NN - 9/ NN - 13)

ပုံစာ- ပုဏ္ဏားကျွန်းမြို့နယ်၊ ကျော်ဇံရွာအလယ် လမ်းမသို့ ကျရောက်သည့် လက်နက်ကြီးကျည် (Kyaw San Htun Post မှ ကူးယူဖော်ပြသည်။)

ဆက်စပ် သတင်းများ