တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် စီးပွားရေးလုပ်ငန်းရှင်‌တစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၇ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 944

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် ကိုယ်ပိုင်စီးပွားရေးလုပ်နေသည့် လုပ်ငန်းရှင်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။

ဖမ်းဆီးခံရသူမှာ ဘူးသီးတောင်မြို့၊ အမှတ်(၄)ရပ်ကွက်မှ အုတ်ဖိုလုပ်ငန်းပိုင်ရှင် အသက် ၄၅ နှစ်အရွယ် ဦးအောင်သန်းထွန်းဖြစ်သည်။

သူ့ကို ယမန်နေ့ နိုဝင်ဘာ ၂၆ ရက်၊ ညနေ ၆ နာရီကျော်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀ ကျော်ဖြင့် နေအိမ်သို့လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဘူးသီးတောင်မြို့ခံတစ်ဦးက နိရဥ္စရာကိုပြောသည်။

မနေ့ညက သူတို့အိမ်ကိုဝင်ပြီး ဖမ်းသွားတာ။ ကားကတော့ တစ်စီးပါ။ အိမ်ထဲကိုဝင်မွှေပြီး ဖမ်းသွားတာ။ သူ့မှာ မိန်းမနဲ့ကလေးနှစ်ယောက်ရှိတယ်”ဟုပြောသည်။

ဘူးသီးတောင်မြို့တွင် လွှတ်တော်ကိုယ်စားလှယ်ဟောင်းများအပါအဝင် မြို့ခံအများအပြားကို မြန်မာစစ်တပ်က ဖမ်းဆီးမည်ဟု သတင်းထွက်ပေါ်နေသဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်း သိရသည်။

နိုဝင်ဘာ ၁၄ ရက်ကလည်း ဘူးသီးတောင်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် ရခိုင်နှင့် မွတ်ဆလင်အရပ်သားပြည်သူ ၇ ဦးကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

အလားတူ မောင်တောမြို့တွင်လည်း ပြည်သူအများအပြားကို ဖမ်းဆီးရန် လမ်းဘေးဓာတ်တိုင်များတွင် ရုပ်ပုံနှင့်အတူ စာကပ်မှုများကို လွန်ခဲ့သည့် ရက်အနည်းငယ်က စစ်ကောင်စီက ပြုလုပ်ခဲ့သေးသည်။

ရခိုင်တွင် စစ်ကောင်စီက အရပ်သားများကို ဖမ်းဆီးမှုများ ဆက်တိုက် လုပ်ဆောင်နေပြီး နိုဝင်ဘာ ၁၃ ရက်မှ နိုဝင်ဘာ ၂၅ ရက်အထိ ဖမ်းဆီးခံရသူ အရပ်သား ၁၀၀ ခန့်အထိရှိပြီဟု သိရသည်။


ဆက်စပ် သတင်းများ