Preview

စစ်ကောင်စီက ရခိုင်တစ်ပြည်လုံးအနှံ့လမ်းများကို ပိတ်ဆို့ထား၍ လယ်သမားများအနေဖြင့် စပါးရိတ်သိမ်းရန် စက်သုံးဆီ အထူးခက်ခဲနေ

နိုဝင်ဘာ ၂၇/ ၂၀၂၃ | ကြည့်ရှုသူ :5632
ရခိုင် သတင်း

စစ်ကောင်စီကရခိုင်တစ်ပြည်လုံးအနှံ့ရှိ  ကုန်းလမ်း၊ ရေလမ်း သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းများကို ပိတ်ထား၍လယ်သမားများတွင် စပါးများရိတ်သိမ်းရန်စက်သုံးဆီ အထူးအခက်အခဲ ဖြစ်နေကြကြောင်းသိရသည်။

ရခိုင်ရှိမြို့နယ်အချို့တွင် နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားလျက်ရှိရာယင်းနေ့မှ စတင်ကာစစ်ကောင်စီက တစ်ပြည်လုံးအနှံ့ရှိ ကုန်းလမ်းနှင့် ရေလမ်းများကိုတင်းတင်းကျပ်ကျပ်ပိတ်ဆို့ထားသည်။

ယင်းသို့ပိတ်ထား၍စပါးရိတ်သိမ်းရတော့မည့်လယ်သမားများတွင် စက်သုံးဆီများကိုဝယ်ယူမရတော့သည့်အတွက် အလွန်တရာ အခက်အခဲဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။

ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးကျော်ဇံက"ရခိုင်မှာစပါးရိတ်သိမ်းချိန်ကတော့စတင်နေပြီ။ အခုက တိုက်ပွဲအနေအထားနဲ့ ကြုံနေရတဲ့အတွက် အခက်အခဲတစ်ချို့တော့ရှိတယ်။ ဒါပေမဲ့နှစ်ဖက်တိုက်ပွဲအနေအထားကြောင့် အခက်အခဲကြုံရတာထက် လမ်းပန်း ဆက်သွယ်ရေးကိုဖြတ်တောက်ထားတာက ပိုအခက်အခဲဖြစ်နေတယ်။ ကုန်စည်စီးဆင်းမှုကို ဖြတ်တောက်ထားတဲ့အတွက်စက်သုံးဆီပြတ်လပ်တဲ့ အခက်အခဲတွေနဲ့ကြုံနေရပါတယ်"ဟု နိရဉ္စရာသို့ ပြောသည်။

စက်သုံးဆီအရောင်းဆိုင်များနှင့်စက်သုံးဆီရောင်းချသူများတွင် လက်ကျန် စက်သုံးဆီများကို လက်ရှိ နိုဝင်ဘာလ ၂၇ ရက်၌ တစ်ပေပါလျှင် အနည်းဆုံး ကျပ် ၁၂သိန်းခွဲမှ ကျပ် ၁၄ သိန်းကျော်အထိ ဈေးပေါက်လျက်ရှိကြောင်း သိရသည်။

ယင်းဈေးဖြင့်ပင်ဝယ်ယူရန်စက်သုံးဆီများကို အလုံအလောက် ရှာမရ ဖြစ်နေကြသည်ဟုလည်း သိရသည်။

ယခင်နှစ်ကစပါးရိတ်သိမ်းချိန်ကဆိုလျှင် စက်သုံးဆီ တစ်ပေပါလျှင် ၆၂၀၀၀၀ ကျပ်အထိသာရှိခဲ့သည်ဟု သိရသည်။

ယင်းသို့စက်သုံးဆီရှားပါးနေ၍ အချို့လယ်သမားများတွင် လက်များဖြင့် ရိတ်သိမ်းနေရသော်လည်းအချိန်ကြန့်ကြာမှုရှိပြီး တိုက်ပွဲကာလဖြစ်၍ အန္တရာယ်ကြားထဲမှစိုးကြောက်မှုများစွာဖြင့်ရိတ်သိမ်းနေရသည်ဟု သိရသည်။

တစ်ဘက်တွင်လည်းစက်သုံးဆီဝယ်ယူမရ၍ စပါးရိတ်စက်ပိုင်ရှင်များသည်လည်း စပါးအငှားရိတ်ရန်အဆင်မပြေဖြစ်နေကြသည်ဟု လယ်သမားများက ပြောသည်။

လက်ရှိစပါးရိတ်စက်ဖြင့် တစ်ဧကလျှင် စပါးရိတ်သိမ်းခ ကျပ် ၁၅၀၀၀၀ နှင့် ၁၈၀၀၀၀ ကြားတွင်ဈေးမြင့်တက်လျက်ရှိနေကြောင်းလည်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှလယ်သမားတစ်ဦးက "စပါးကရိတ်သိမ်းလို့မရဘူး။ ရွာလုံးကျွတ် စပါးရိတ်တန်းလမ်းနဲ့ထွက်ပြေးရှောင်တိမ်းနေကြရတယ်။ တိုက်ပွဲတွေလည်းဖြစ်နေတာနဲ့လယ်တွေအမြန်သိမ်းချင်လို့ စက်နဲ့ ရိတ်ခိုင်းတာတောင်စက်သုံးဆီဈေးမြင့်တက်လို့ စက်ပိုင်ရှင်တွေကို ခေါ်တာမရဘူးဖြစ်နေတယ်။ ပြီးတော့ဘယ်စက်ပိုင်ရှင်မှလည်း ဒီကာလမှာ စပါးရိတ်ဖို့ခေါ်လို့မရတဲ့အခက်အခဲတွေနဲ့ကြုံနေရတယ်။ လက်နဲ့ ရိတ်သိမ်းပြန်တော့လည်းဒီကာလမှာက အချိန်ကြန့်ကြာတာနဲ့ စိုးရိမ်ရတယ်"ဟုပြောသည်။

ယခင်နှစ်ကစပါးရိတ်သိမ်းချိန်တွင် စပါးရိတ်စက်ဖြင့် တစ်ဧကလျှင် စပါးရိတ်သိမ်းခ ကျပ် ၈သောင်းခွဲသာရှိခဲ့သည်ဟု သိရသည်။

၇ခိုင်တွင်ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်းရက္ခိုင့်တပ်တော်(AA)နှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားကြ၍ရခိုင်ရှိလယ်သမားများမှာ စပါးရိတ်သိမ်းခွင့်မရဘဲ ထွက်ပြေးရှောင်တိမ်းနေကြရသည့်အတွက်ဆုံးရှုံးမှုများစွာဖြင့် ကြုံတွေ့ခဲ့ကြသည်။ (NN-12)

ဓာတ်ပုံ- ရခိုင် တိုက်ပွဲဧရိယာထဲရှိ မြို့နယ်တစ်ခုမှ လယ်ယာလုပ်ငန်းခွင်အားတွေ့၇စဥ်။

 

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.