သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

ငပလီတွင် ခရိုနီ ဦးတေဇပိုင် ထူးဟိုတယ်မီးလောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

ရခိုင်ပြည်နယ်၊ ငပလီမြို့၊မြပြင်ရပ်ကွက်တွင်ရှိသည့်စစ်တပ်ခရိုနီဦးတေဇပိုင်ထူးဟိုတယ်(ခေါ် )Ngapali Palace Aureum Hotel သည် ယမန်နေ့ညပိုင်းကဝါယာရှော့ခ်ဖြစ်၍မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်၊ ညနေ နာရီကျော်က မီးလောင်မှုစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ငပလီမြို့ခံလူငယ်တစ်ဦးကပြောသည်

"ကျွန်တော်တို့သွားကြည့်တဲ့အချိန်မှာတော့ မီးသတ်ကားနှစ်စီးနဲ့မီးငြိမ်းသတ်နေတယ်။ မီးက နာရီဝန်းကျင်ထိ ငြိမ်းသတ်ခဲ့ရတယ်" ဟု သူကပြောသည်။

အဆိုပါ ဟိုတယ်တွင်ရှိသည့် စတိုခန်းဆောင်မှ ဝါယာရှော့ခ်ဖြစ်ရာကတဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဧည့်သည်ဆောင်တချို့ကို မီးကူးစက်ခဲ့သော်လည်း အချိန်မီငြိမ်းသတ်နိုင်ခဲ့ကြောင်း သူက ဆက်ပြောသည်။

"စတိုဆောင်နဲ့ ရေချိုးခန်းဆက်ထားတဲ့အဆောင်ကနေ ဝါယာရှော့ခ်ဖြစ်ပြီး စလောင်တာလို့ သိရပါတယ်။ ဧည့်သည်ဆောင်တွေကို မီးကူးခဲ့ပေမယ့် မီးငြိမ်းနိုင်ခဲ့လို့ သိပ်မလောင်ခဲ့ဘူးလို့ သိရတယ်" ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။


အဆိုပါမီးလောင်မှုကို ငပလီမြို့ မီးသတ်တပ်ဖွဲ့က မီးသတ်ကားနှစ်စီးဖြင့် လာရောက်ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထူးဟိုတယ်(ခေါ်) Ngapali Aureum Hotel မှာ စစ်အုပ်စုမှ ခရိုနီသူဌေး ဦးတေဇပိုင် ဟိုတယ်တစ်ခုဖြစ်ပြီး ယခင်က လူရည်ချွန်စခန်းမြေနေရာကို စာချုပ်နှင့်ငှားရမ်းပြီး ဟိုတယ်ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း ငပလီမြို့ခံများက ပြောသည်။

"အဲနေရာက အရင်က လူရည်ချွန်ကျောင်းသားတွေနေတဲ့နေရာ။ အဲဒီနေရာကိုသူတို့က စာချုပ်နဲ့ နှစ် သုံးဆယ်ဆို နှစ်သုံးဆယ်ငှားပြီးတော့လုပ်နေတာလို့ သိရတယ်။ ကိုယ်ပိုင်မြေတော့မဟုတ်ဘူး" ဟု ငပလီမြို့ခံ လူငယ်တစ်ဦးက နိရဥ္စရာသို့ပြောသည်။

ဟိုတယ်မီးလောင်မှုအတွင်း ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးအခြေအနေကို သိရှိနိုင်ရန် ငပလီမြို့မီးသတ် တပ်ဖွဲ့နှင့် ဟိုတယ်တာဝန်ရှိသူတို့ထံ နိရဥ္စရာက ဆက်သွယ်မေးမြန်းနိုင်ရန်ကြိုးစားနေဆဲဖြစ်သည်။ (NN-23)

ဆက်စပ် သတင်းများ